သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့မရဲစခန်း အနီးမှာနေတဲ့ အရပ်သားလူငယ်တွေကို ရဲယူနီဖောင်းပေးဝတ်ကာ ပိုက်ဆံလိုက်တောင်းခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ပေါင်းတည်မြို့ခံတွေက ဆိုပါတယ်။
ပေါင်းတည်မြို့မရဲစခန်းအနီးက အရပ်သားလူငယ် ၂ ဦးကိုခေါ်ယူကာ ရဲယူနီဖောင်းဝတ်ဆင်ပေးပြီး ရန်ကုန် - ပြည်လမ်းရှိ စစ်ကောင်စီဂိတ်မှာ ပိုက်ဆံကောက်ခိုင်းသလို လောင်းကစားဒိုင်တွေမှာလည်း ပိုက်ဆံလိုက်လံကောက်ခိုင်းနေတာဖြစ်ပါတယ်။
“အရပ်သားဆိုပေမယ့် ရဲနဲ့ပေါင်းနေတော့ ရဲတွေဆီကမကောင်းတဲ့အကျင့်က အကုန်ရနေတာ။ ကားတွေ ဆိုင်ကယ်တွေကို ဓါးပြတိုက်သလိုတောင်းပြီး ရတဲ့ငွေကို စစ်သားပါရင်လည်း စစ်သားတွေကိုပါခွဲဝေယူကြတာ။ ဂိတ်တွေပိတ်တယ်သာပြောတာ ငွေတောင်းတာက ရပ်သွားတာမျိုးတော့မရှိဘူး” လို့ ပေါင်းတည်မြို့ခံတဦးက ပြောပါတယ်။
ရန်ကုန်-ပြည်လမ်းပေါ်သွားလာနေတဲ့ မော်တော်ယာဉ်တွေကိုလည်း စစ်ဆေးရေးဂိတ်တွင် ကားကြီးတစီး ၁၀၀၀ ကျပ်၊ ကားလေးတစီး ၅၀၀ ကျပ်၊ ကုန်ပါတဲ့ဖောကားတစီးကို ၁၀၀၀ ကျပ်နဲ့ ကုန်မပါကားကိုလည်း ၅၀၀ ကျပ်နှုန်းနဲ့ နေ့ညမပြတ်တောင်းခံနေတာလို့ ဆိုပါတယ်။
အဲ့ဒီရဲယူနီဖောင်းဝတ်သူတွေကို လုံခြုံရေးလှည့်တာ၊ လောင်းကစားဝိုင်းနဲ့ ချဲဒိုင်တွေမှာ လိုင်းကြေးငွေတောင်းတာတွေမှာ အသုံးပြုနေတာ ဖြစ်တယ်လို့လည်း ပေါင်းတည်မြို့ခံတဦးက ဆိုပါတယ်။
ပိုက်ဆံလိုက်တောင်းနေသူ ရဲယူနီဖောင်းဝတ်အရပ်သားလူငယ် ၂ ဦးဟာ ညီအစ်ကိုတွေဖြစ်ကြပြီး ညီဖြစ်သူကတော့ PDF က ပစ်ခတ်ရှင်းလင်းတာခံရမှာကြောက်လို့ မြို့ကနေ စွန့်ခွာသွားတာ ၆ လခန့်ရှိပြီဖြစ်ရာ လက်ရှိမှာ အစ်ကိုတဦးသာ ရဲတွေနဲ့အတူ အလုပ်လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
အခုနှစ်ဖေဖေါ်ဝါရီလဆန်းကလည်း ပေါင်းတည်မြို့အဝင် ရန်ကုန်-ပြည်လမ်းက စစ်ကောင်စီဂိတ်တွေမှာ အရပ်သား ၃ ဦးကို ရဲဘောင်းဘီဝတ်ဆင်စေကာ ငွေတောင်းခိုင်းတာတွေပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ဇွန် ၁၇ ရက်ကတော့ ရန်ကုန် - ပြည်လမ်းပေါ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေ ယာယီပိတ်သိမ်းမှုပြုခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ပေါင်းတည်မြို့နဲ့သာယာဝတီမြို့က စစ်ကောင်စီဂိတ်တွေ ပြန်ဖွင့်ခဲ့တာဖြစ်ပါတယ်။
ပုံစာ - ပေါင်းတည်မြို့အဝင် စစ်ဆေးရေးဂိတ် (ပုံဟောင်း)။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်းအနောက်ခြမ်း #ပေါင်းတည်မြို့မရဲစခန်း #အရပ်သားလူငယ် #လောင်းကစားဝိုင်း #လိုင်းကြေး #စစ်ဆေးရေးဂိတ် #ရဲယူနီဖောင်း
Share Share Share