ပဲခူးတိုင်းကမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုအတွင်း ကလေး ၂ ဦးအပါ ၈ ဦးသေဆုံး

ပဲခူးတိုင်းကမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုအတွင်း ကလေး ၂ ဦးအပါ ၈ ဦးသေဆုံး

ရေကြီးရေလျှံမှုတွေဖြစ်နေတဲ့ ပဲခူးတိုင်းအတွင်းက ပဲခူး၊ ကျောက်ကြီး၊ ပန်းတောင်း၊ လက်ပံတန်း စတဲ့ မြို့နယ်တွေမှာ ရေနစ်မြုပ်သေဆုံးသူ စုစုပေါင်း ၈ ဦးရှိခဲ့တယ်လို့ သက်ဆိုင်ရာမြို့နယ်တွေက ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။  

သေဆုံးသူတွေဟာ ဇူလိုင် ၁၃ ရက်ကနေ သြဂုတ် ၁ ရက်အတွင်း ပဲခူးမြို့က ၄ ဦး၊ ကျောက်ကြီးမြို့နယ်က ၁ ဦး၊ ပန်းတောင်းမြို့နယ်က ၂ ဦးနဲ့ လက်ပံတန်းမြို့နယ်က ၁ ဦးတို့ဖြစ်ပြီး အဲ့ဒီထဲမှာ အသက် ၄ နှစ်နဲ့ ၈ နှစ်အရွယ် ကလေး ၂ ဦးနဲ့ ရဲတပ်သား ၁ ဦးလည်း ပါဝင်ပါတယ်။ 

ဇူလိုင် ၁၃ ရက်ညနေပိုင်းမှာ ပန်းတောင်းမြို့နယ်၊ ဖရုံကာအုပ်စု၊ ကျောက်ဇကွဲရွာအနီးက သူရဲတန်းချောင်းမှာ ရေဖြတ်ကူးတဲ့ အသက် ၅၂ နှစ်အရွယ်အမျိုးသားတဦးရေနစ်သေဆုံးပြီး ဇူလိုင် ၁၅ ရက်ည ၇ နာရီမှာ ပန်းတောင်းမြို့နယ်၊ မကျီးထုံးအုပ်စု၊ ကြို့ကုန်းရွာတံတားအနီး ရေဖြတ်ကူးတဲ့ အမျိုးသားတဦးလည်း ရေနဲ့မျောပါ သေဆုံးခဲ့ပါတယ်။ 

အဲ့ဒီနောက် ဇူလိုင် ၂၃ ရက်မနက်ပိုင်းမှာ လက်ပံတန်းမြို့နယ်အနောက်ဘက် ခမုံရဲစခန်းက အသက် ၂၄ နှစ်အရွယ် ရဲတပ်သား ဟိန်းမျိုးကို ရဲစခန်းဝန်းထဲကို လှေနဲ့သွားချိန် လှေပါ်ကပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့ပါတယ်။ 

အလားတူ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ မီးတောတိုင်အုပ်စု၊ မြောင်းဦးကျေးရွာက အသက် ၄ နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တဦးလည်း ဇူလိုင် ၂၆ ရက်မှာ ရေစီးနဲ့မျောပါ သေဆုံးခဲ့ပါတယ်။ 

ပဲခူးမြို့၊ ဇိုင်းဂနိုင်းတောင်ရပ်ကွက်ရှိ ကျောင်းသစ်ကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းက အမျိုးသားတဦးလည်း ဇူလိုင် ၂၉ ရက်မှာ ရေနစ်သေဆုံးခဲ့ပါသေးတယ်။

ပဲခူးမြို့မှာနေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပြည့်စုံကျော်ဟာလည်း ဇူလိုင် ၃၀ ရက်မနက်ပိုင်းမှာ ရေကြီးနေတဲ့ ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းပေါ်က အမှတ် ၁ ကျောင်းရှေ့မှာ စက်ဘီးစီးလာချိန် ဓါတ်လိုက်ပြီး ရေထဲမှာ သေဆုံးခဲ့ပါတယ်။ 

အဲ့ဒီညနေမှာပဲ ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ဆိုရှယ်လစ် ၂၆ လမ်းက အသက် ၈ နှစ်အရွယ် မောင်မင်းထက်နိုင် ဟာ ရေကစားပြီး ကျောက်တွင်းကုန်းပန်းခြံဘေးကို လမ်းလျှောက်ပြန်ချိန် ရေမြောင်းထဲကို ပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့တာပါ။

အလားတူ ဇူလိုင် ၃၀ ရက်မှာပဲ ပဲခူးမြို့၊ ဒက္ခဏသာခါရေဘေးကယ်ဆယ်ရေးစခန်းကနေ နေအိမ်ကို ပြန်သွားတဲ့ အသက် ၃၈ နှစ်အရွယ် ကိုမျိုးစည်သူ (ခ) ကိုစည်သူဟာ လမ်းမှာရေစီးနဲ့မျောပါခဲ့ပြီး သူရဲ့အလောင်းကို သြဂုတ် ၁ ရက်မနက်ပိုင်းက ဒက္ခဏိသာခါဘုရားတောင်ဘက်မုဒ်မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပဲခူးမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ရပ်ကွက်၊ ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံ ၃၀,၀၀၀ ခန့် ရေဘေးရှောင်နေရပြီး လက်ရှိအထိကယ်ဆယ်ရေးစခန်း ၂၇ ခုထိ ဖွင့်လှစ်ထားခဲ့ရတာပါ။ 

လက်ရှိ ပဲခူးမြို့မြစ်ရေဟာ ပြန်လည်ကျဆင်းနေပေမယ့် စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာအထက်မှာ ရှိနေသေးပြီး ပဲခူးမြို့အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေရှိနေဆဲဖြစ်သလို ကျောက်ကြီး၊ လက်ပံတန်းနဲ့ ပန်တောင်း မြို့နယ်တွေမှာလည်း မြစ်ရေပြန်ကျနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ - ရေကြီးရေလျှံဖြစ်နေသည့် ပဲခူးမြို့။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူးတိုင်း #ရေကြီး #လူသေဆုံး #သဘာဝဘေး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10