ပဲခူးတိုင်းစစ်ကောင်စီက ဆိုင်ကယ်လိုင်စင်များ လုပ်ပေးကာ ငွေသန်းထောင်ချီရှာရန် ပြင်ဆင်

ပဲခူးတိုင်းစစ်ကောင်စီက ဆိုင်ကယ်လိုင်စင်များ လုပ်ပေးကာ ငွေသန်းထောင်ချီရှာရန် ပြင်ဆင်

ပဲခူးတိုင်းဒေသကြီး စစ်ကောင်စီအဖွဲ့က ဒေသတွင်းရှိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးရန် ပြင်ဆင်ကြေညာနေကြောင်း မြို့ခံများထံက သိရသည်။

အဆိုပါ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များဖြစ်သော ပဲခူး၊ တောင်ငူ၊ သာယာဝတီ၊ ပြည်ခရိုင် ကညနရုံးများတွင် ဇန်နဝါရီ ၂၃ ရက်နေ့မှစတင်ကာ ပြုလုပ်ပေးမည်ဖြစ်ကြောင်း မြို့တွင်း ကြေညာဆိုင်းဘုတ်များ လိုက်လံကပ်ကာ နှိုးဆော်နေခြင်း ဖြစ်သည်။

"ဒါကတော့ လုပ်နေကြအတိုင်းပါပဲ။ ပြည်သူကို အာရုံလွဲနည်း တမျိုးလည်း ဖြစ်သလို သူတို့ငွေရှာနည်းပေါ့။ လိုင်စင်လုပ်ပေးမယ်ဆိုတော့ တော်ရုံလူက မငြင်းဘူးလေ သွားလုပ်ကြတာပဲ။ နောက်သူတို့က လိုင်စင်မဲ့တွေဆို တားဆီးစစ်ဆေး ငွေညှစ်ဖမ်းဆီးနေတော့ လိုင်စင်မရှိတဲ့သူတွေက လာလုပ်ကြမှာပဲ" လို့ နတ်တလင်းမြို့ခံ အမျိုးသားတဦးက ပြောသည်။

စစ်ကောင်စီက ပဲခူးတိုင်းအပါအဝင် ၎င်းထိန်းချုပ်ထားနိုင်ရာဒေသများတွင် မော်တော်ဆိုင်ကယ်လိုင်စင်များ၊ ယာဉ်မောင်းလိုင်စင်၊ ဘတ်မှန်၊ ဆိုင်ကယ်စီးဦးထုပ်နှင့် အခြားအရာများကို စစ်ဆေးကာ ဆိုင်ကယ်သိမ်းခြင်း၊ လူဖမ်းဆီးခြင်းနှင့် ငွေညှစ်မှုများ ပြုလုပ်နေတာကြောင့် အခြေခံလူတန်းစားများ အလုပ်အကိုင်နှင့် သွားလာရေးခက်ခဲနေကြောင်း မြို့ခံများထံက သိရသည်။

"သူတို့က မထင်ရင်မထင်သလို မြို့အဝင်အထွက် လမ်းဆုံတွေမှာ တားစစ်တယ်။ ကျမတို့ကလည်း ဆိုင်ကယ်နဲ့ မြို့တွေရွာတွေကို ဈေးလှည့်ရောင်းရတာလေ။ တခါတလေ ရှိတာလေးပေးခဲ့ပြီး တောင်းပန်၊ ပြန်ခဲ့ရတယ်။ တချို့လည်းဆိုင်ကယ်မသုံးပဲ စက်ဘီးနဲ့သွားနေတာတွေ ရှိတယ်။ တောနဲ့ ကျမတို့လို မြို့အစွန်အဖျားက လူတွေမှာ ဆိုင်ကယ်လိုင်စင် လူလိုင်စင်ဆိုတာ ဘာမှရှိတာမဟုတ်ဘူး။ ဆိုင်ကယ်တောင် တရုတ်အစုတ်စီးနေတာ လုပ်မယ့်သူများမှာပေါ့" ဟု ပြည်မြို့ဆင်ခြေဖုံးရပ်ကွက်ရှိ အမျိုးသမီးတဦးက ပြောသည်။

ဆိုင်ကယ်လိုင်စင်ပြုလုပ်ပါက ၁ စီးလျှင် ၃၀၀၀၀ ကျပ် ကုန်ကျများ ဖြစ်ကာ ယင်းသတ်မှတ်နှုန်းမှာ တရားဝင်ဖြစ်ပြီး တရားမဝင်ပေးဆောင်မှုများ ပွဲစားခ တန်းစီ လူစားထိုးခများ ပေါင်းပါက ၅၀၀၀၀ ကျပ်ခန့် ကုန်ကျများဖြစ်ကြောင်း ကြေညာထားသည်။

ပဲခူးတိုင်းအတွင်း လိုင်စင်မဲ့ဆိုင်ကယ်သိန်းချီရှိရာ ပြည်သူလူထုထံက ငွေသန်းထောင်ချီရှာရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10