ပဲခူးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ မိုးကြီးပြီး လေပြင်းတိုက်နိုင်

ပဲခူးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ မိုးကြီးပြီး လေပြင်းတိုက်နိုင်

ပဲခူးတိုင်းအပါအဝင် ပြည်နယ်နဲ့တိုင်း ၇ ခုမှာ မနက်ဖြန် ဇူလိုင် ၁၆ ရက်ကစပြီး ၅ ရက်ခန့် မိုးကြီးပြီး လေပြင်းတွေတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၁၄ ရက် မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ 

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းရာကနေ အားအလွန်ကောင်းနေခြင်းနဲ့ တောင်တရုတ်ပင်လယ်ပြင်ရှိ လေဖိအားနည်းဆဲလ်က ရွေ့လျားလာတဲ့ တိမ်တိုက်တွေကြောင့် ဇူလိုင် ၁၆ ရက်ကနေ ၂၀ ရက်အတွင်းမှာ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့  မွန်ပြည်နယ်တို့မှာ မိုးကြီးပြီး လေပြင်းတိုက်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီ ခန့်မှန်းထုတ်ပြန်ချက်ဟာ ဇူလိုင် ၁၄ ရက် မနေ့ မွန်းလွဲ ၁၂ နာရီခွဲက မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းတာချက်အရ ထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။

ကုန်းမြင့်ဒေသမှာ နေထိုင်သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ချောင်းတွေအနီး နေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှုတွေကို သတိပြုကြဖို့လည်း ဖော်ပြထားပါသေးတယ်။

မြန်မာကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီး မြေပြင်ရေပြင်လေဟာ တနာရီ မိုင် ၄၀ မှ ၄၅ မိုင်ထိတိုက်ခတ်နိုင်သလို ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပင်မှာ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးစဉ် လှိုင်းအမြင့်  ၉ ပေမှ ၁၄ ပေထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၅ ရက် ဒီနေ့  မွန်းလွဲ ၂ နာရီထုတ်ပြန်ချက်မှာလည်း ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း (ဩရိသတောင်ပိုင်းကမ်းလွန်)တို့မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေတယ်လို့ ဖော်ပြထားပါသေးတယ်။

လက်ရှိမှာလည်း မြန်မာနိုင်ငံအထက်ပိုင်း ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်တလျှောက် မြို့ရွာတွေမှာ မြစ်ရေကြီးမှုတွေ ဖြစ်ပွားလျက်ရှိပါတယ်။

ပုံစာ - ပြည်မြို့၊ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်နေစဉ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပြည်နယ် #တိုင်း #မြစ်ရေကြီး #လေပြင်း #မုန်တိုင်း #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10