ပဲခူးတိုင်းအရှေ့ခြမ်းက မြို့နယ် ၁၁ မြို့နယ်မှာ ၂၄ နာရီအတွင်း မိုးကြီးရေလျှံမှုဖြစ်နိုင်

ပဲခူးတိုင်းအရှေ့ခြမ်းက မြို့နယ် ၁၁ မြို့နယ်မှာ ၂၄ နာရီအတွင်း မိုးကြီးရေလျှံမှုဖြစ်နိုင်

ပဲခူးတိုင်းအရှေ့ခြမ်းက မြို့နယ် ၁၁ မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး လာမယ့် ၂၄ နာရီအတွင်း မိုးကြီးရေ လျှံမှုတွေဖြစ်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ရေကြီးမှုအန္တရာယ် သတိပြုသင့်တယ်လို့ မိုးလေဝသ စောင့်ကြည့်လေ့လာသူတွေဆီက သိရပါတယ်။

ဖြူး၊ ကျောက်ကြီး၊ ရွှေကျင်၊ မဒေါက်၊ ဒိုက်ဦး၊ ပြွန်တန်ဆာ၊ ညောင်လေးပင်၊ ပိန်းဇလုတ်၊ ဖဒို၊ ကျောက်တံခါး၊ ကညွှတ်ကွင်း စတဲ့ဒေသတွေမှာ မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသ စောင့်ကြည့်လေ့လာသူ မစုစုစံက သူ့ရဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ဇူလိုင် ၂၄ ရက် ဒီနေ့ မနက်မှာ အသိပေးပြောဆိုထားပါတယ်။

ဒါအပြင် ၂၄ နာရီအတွင်း ပဲခူးတိုင်းနဲ့ နေပြည်တော်က အုတ်တွင်း၊ ထန်းတပင်၊ သံတောင်ကြီး၊ သံတောင်လေး၊ တောင်ငူ၊ ကျွန်းကုန်း၊ ကေတုမတီ၊ နန်ချွန်၊ ရေတာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှ၊ ရေနီ၊ သာဝတ္ထိ၊ ဧလာ၊ လယ်ဝေး၊ ပျဥ်းမနား စတဲ့ဒေသတွေမှာလည်း မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

ကျောက်တံခါးမြို့မှာလည်း ၄ ရက်ဆက်တိုက် မိုးရွာသွန်းနေပြီး ဆည်ရေပါ လွှတ်နေတဲ့အတွက် တချို့နေအိမ် ရပ်ကွက်တွေမှာ ရေဝင်တာတွေ စတင်ကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးလေဝသ စောင့်ကြည့်လေ့လာသူတဦးဖြစ်တဲ့ ဦးဝင်းနိုင်ကလည်း ဘင်္ဂလားပင်လယ်အော်မှာ မေလ ၂၄ ရက်ကနေ ၂၈ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း REMAL ရဲ့ နောက်ဆက်တွဲ လေဖိအားနည်းရပ်ဝန်းကြောင့် ဧရာဝတီနဲ့ ချင်းတွင်းမြစ် မြစ်ဖျားပိုင်းတွေမှာ မိုးများပြီး ပထမရေကြီးကာလ စတင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၂ ရက် လေ့လာချက်အရ မိုးနှောင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်လာ နိုင်တဲ့ လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေကြောင့် မြန်မာနိုင်ငံမှာ မိုးများတာတွေ ထပ်မံကြုံတွေ့ရနိုင်ပြီး ဒုတိယရေကြီးကာလအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်တယ်လို့ သတိပေး ရေးသားထားပါတယ်။

အခုလက်ရှိ ပဲခူးတိုင်းအနောက်ခြမ်းက ကံမ၊ ပန်းတောင်း၊ ရွှေတောင်စတဲ့မြို့နယ်တွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေပြီး ကျေးရွာ ၁၀ ရွာနီးပါး ရေဘေးသင့်နေကြတယ်လို့ သိရပါတယ်။

ပုံစာ - ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်တချို့ ဇူလိုင်လအတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #မိုးသည်းထန် #ရေကြီးမှု #မိုးလေဝသ #ရွှေကျင် #မဒေါက် #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10