ပဲခူးရိုးပေါ်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကာင်စီတပ်သား ၁ ဦးသေဆုံး
ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၁ ဦးသေဆုံးခဲ့တယ်လို့ ဧပြီလ ၂ ရက် ဒီကနေ့မှာ Bago Region PDF က သတင်းထုတ်ပြန်ထားပါတယ်။
သာယာဝတီခရိုင် PDF တပ်ခွဲ ၃ စခန်းကို မတ်လ ၃၁ ရက်မနက် ၇ နာရီခွဲလောက်မှာ စစ်သားအင်အား ၅၀ ပါစစ်ကြောင်း ၂ ကြောင်းနဲ့ တိုက်ခိုက်လာလို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
"စခန်းစီးဖို့ ခြေလျင်တက်လာတာဗျ၊ ကျနော်တို့ဘက်က အသင့်ထောင်ထားတဲ့မိုင်းနဲ့ ခါချဥ်တောင်အနီးမှာဆွဲတာ။ စစ်သား ၁ ယောက်သေတယ်။ ဒဏ်ရာရသူလည်းရှိတယ်၊ အရေအတွက်တော့မသိဘူး"လို့ သာယာဝတီခရိုင် ၃၈၀၂၊ တပ်ခွဲ ၃ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ ဆက်လက်စစ်ကြောင်းထိုးလာ တာမျိုး မရှိသေးဘဲ နောက်ကြောင်းပြန်ဆုတ်ကာ တပ်ဖျောက်ထားတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂ ရက်ကလည်း မင်းလှ-မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော် ကားလမ်းပေါ်က ခါချဉ်တောင်ကို စစ်ကြောင်းထိုးဖို့တက်လာတဲ့စစ်ကား ၃ စီးထဲက ၁ စီး တိမ်းမှောက်ခဲ့လို့ ဗိုလ်မှူးတဦး ပွဲချင်းပြီးသေဆုံးခဲ့ပါသေးတယ်။
အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည် စတဲ့မြို့တွေကို စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးကြေငြာပြီးတဲ့နောက် ပဲခူးရိုးမအနောက်ခြမ်းကို စစ်အင်အား တိုးချဲ့ချထားသလို အုတ်ဖိုနဲ့ မင်းလှမြို့နယ်အတွင်း ပဲခူးရိုးအစပ်တွေမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
Share
Share
Share