ပဲခူးရိုးမတိုက်ပွဲ အသာစီးရနေချိန် ကျည်မလုံလောက်လို့ တော်လှန်ရေးအင်အားစုတွေ ပြန်ဆုတ်ခဲ့ရ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ်ကိုတက်လာတဲ့ စစ်ကောင်စီတပ်ကို အသာစီးရတိုက်ခိုက်ချိန် ကျည်မလုံလောက်တဲ့အတွက် နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တပ်ရင်း ၃၆၀၁  တပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ ကျောက်ကြီးတောင်ဘက်ကနေ  အင်အား  ၂၆ ဦးနဲ့လာတဲ့ စစ်ကောင်စီတပ်ကို ညောင်နီပင်ရွာ မြောက်ဘက်တဖာလုံလောက်အကွာမှာ ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဩဂုတ် ၁၅ ရက် မွန်းတည့်ချိန်လောက်ကနေ ညနေ ၆ နာရီလောက်ထိ တိုက်ခိုက်ကြတာလို့ ဆိုပါတယ်။ 

အသာစီးနဲ့ တိုက်ခိုက်နေချိန် ညနေ ၆ နာရီလောက်မှာ သစ်ပုတ်ရွာဘက်ကနေ စစ်သားအင်အား ၅၀ ဦးလောက်က လက်နက်မျိုးစုံနဲ့ပစ်ကာ စစ်ကူလာလို့ နောက်ဆုတ်ခဲ့တာလို့  ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာကနေ တပ်မ ၆၆ နဲ့ အမြောက်တပ်တံဆိပ်ပါ စစ်ယူဖောင်းတွေနဲ့ စစ်အသုံးအဆောင်အချို့ပြင် ကျည် ၂၁ ‌တောင့်ကိုလည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ဩဂုတ် ၁၆ ရက် မနက် ၄ နာရီလောက်မှာတော့ ပေါင်းတည်ဘက်ကလာတဲ့ ဖောကားနဲ့ အလောင်းတွေကို သယ်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ညောင်နီပင်ရွာ ဘုန်း‌တော်ကြီးကျောင်းမှာ တပ်စွဲနေရာကနေ ဩဂုတ် ၁၈ ရက်မနေ့ကတော့ သစ်ပုတ်ရွာကို ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ဆင်ရေးမှာ ပြည်ခရိုင်တပ်ရင်း ၃၆၀၁၊ တပ်ရင်း ၃၆၀၂ PDF တပ်ရင်း၊ ၃၈၀၁ တပ်ခွဲ ၃ နဲ့ ရွှေတောင်(ပကဖ)တို့ပေါင်းကာ တိုက်ခိုက်ကြတာဖြစ်ပြီး နှစ်ဘက် ပြန်လှန်ပစ်ခတ်မှု ၆ နာရီခန့်ကြာကာ စစ်ကောင်စီတပ်သား ၁၄ ဦးသေကာ ၆ ဦး ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသက ဩဂုတ် ၁၈ ရက် မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်ကလည်း ပေါင်းတည်မြို့နယ် သစ်ပုတ်ဝါတာတိုင်ကို ကားနဲ့ ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သစ်ပုတ်ရွာအနောက်ဘက်ကနေ မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့  တိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

 #မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #ပဲခူးရိုးမ #PPDF #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10