ပဲခူးအနောက်ခြမ်းမှာ စစ်တပ်သတင်းပေး ၂ ဦး ဆက်တိုက်ရှင်းလင်းခံရ

ပဲခူးအနောက်ခြမ်းမှာ စစ်တပ်သတင်းပေး ၂ ဦး ဆက်တိုက်ရှင်းလင်းခံရ

ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်နဲ့ ပေါက်ခေါင်းမြို့နယ်က စစ်တပ်သတင်းပေးဆိုသူ ၂ ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဆက်တိုက်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

နတ်တလင်းမြို့နယ် အရှေ့ဘက် အောင်သုခရွာက အသက် ၃၀ နှစ်ဝန်းကျင် ကိုခင်မောင်ဌေးကို   ဇွန် ၁၆ ရက် ည ၁၀ နာရီခန့်က ဒေသအခေါ် လိပ်ပေါ်အိုင်ကုန်းမှာ သတ်ခဲ့ပြီး ပေါက်ခေါင်းမြို့နယ် တောင်လယ်ရွာက အသက် ၅၅ နှစ်အရွယ် ဗိုလ်ဝင်းကို ဇွန် ၁၅ ရက် မွန်းလွဲ ၂ နာရီလောက်က သူ့ရဲ့ နေအိမ်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

ခင်မောင်ဌေးကို  နတ်တလင်းမြို့နယ် အခြေစိုက် Phoenix DF နဲ့ နတ်စစ်သည် တပ်ဖွဲ့တွေက ရှင်းလင်းခဲ့တာဖြစ်ပြီး ပေါက်ခေါင်းမြို့နယ်က ဗိုလ်ဝင်းကိုတော့ တပ်ရင်း ၃၆၀၁ PPDF တပ်ခွဲ ၄၊ တပ်ခွဲ ၅၊ ရွှေတောင် ပကဖနဲ့ ပေါက်ခေါင်း ပကဖတို့ပေါင်းကာ တိုက်ခိုက်ခဲ့လို့ ဝမ်းဗိုက်ကို ကျည် ၂ ချက်ထိကာ နေရာမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ခင်မောင်ဌေးကို ကျနော်တို့ တပ်ဖွဲ့တွေ ကင်းလှည့်နေတုန်း ရုတ်တရက်တိုးပြီး ဓားနဲ့ထိုးသတ်ခဲ့တာပါ။ ပွဲချင်းပြီးသေပါတယ်”လို့ Phoenix DF  ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

အလားတူ တပ်ရင်း ၃၆၀၁ PPDF ရဲ့  ဆက်သွယ်ရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံကလည်း “ဗိုလ်ဝင်းက စစ်တပ်အာဏာသိမ်းကတည်းက သတင်းပေးလုပ်နေတာ။ သူက ပရိဘောဂရုံထောင်ထားတော့ စစ်ခွေးတွေနဲ့ ဆက်သွယ် သတင်းပေးနေတဲ့သူ။ ဒါ့ကြောင့် ရှင်းခဲ့တာပါ” လို့   ပြောပါတယ်။

တပ်ရင်း ၃၆၀၁ PPDF က ပေးပို့တဲ့ ဗီဒီယိုမှာ ဗိုလ်ဝင်းရဲ့ အိမ်မှာ လုပ်လက်စ ပရိဘောဂပစ္စည်းအချို့ကို တွေ့ရပြီး သေနတ်နဲ့ ပစ်ခံရလို့ နေအိမ်ဘေးမှာ လဲကျနေတာကို တွေ့ရပါတယ်။

နတ်တလင်းမြို့နယ်က ခင်မောင်ဝင်းဟာ တော်လှန်ရေး ရဲဘော်တွေရဲ့ သတင်းကိုစုံစမ်းကာ စစ်ကောင်စီတပ်ကို သတင်းပေးနေသူဖြစ်လို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် လိုက်နာခြင်းမရှိလို့  ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပေါက်ခေါင်းမြို့နယ်က ဗိုလ်ဝင်းဟာ  အနီးဝန်းကျင်ကျေးရွာတွေက  တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ၊ ထောက်ပို့တွေနဲ့  တပ်ဖွဲ့ဝင်မိသားစုတွေ ဖမ်းဆီးခံရအောင်  စစ်ကောင်စီကို သတင်းပို့တာ တော်လှန်ရေးတပ်ဖွဲ့ ဝင်တွေကို အမြဲစောင့်ကြည့် သတင်းပေးတာတွေ ပြုလုပ်နေတာလို့  ထုတ်ပြန်ချက်က ဆိုပါတယ်။

ဇွန်လ ၁၈ ရက် ဒီနေ့မှာတော့ နတ်တလင်းနဲ့  ပေါက်ခေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှု မတွေ့ရဘူးလို့ သတင်းပြန်ကြားရေးတာဝန်ခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက် ညနေကလည်း ပေါက်ခေါင်းမြို့နယ်က ကြို့ပင်ဝိုင်းအုပ်ချုပ်ရေးမှူးနေရာကို အစားဝင်လုပ်နေတဲ့ အုပ်ချုပ်ရေးမှူး ပွားသီးကိုလည်း ဒေသတွင်းတော်လှန်‌ရေး တပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။

ပုံစာ - ပေါင်ခေါင်းမြို့နယ်က ဗိုလ်ဝင်းအလောင်း။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #နတ်တလင်း #ပေါက်ခေါင်းမြို့  #စစ်တပ် #သတင်းပေး #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10