သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြောက်ခင်ရမ်း၊ ဟံသာဝတီ စတဲ့ ပျူစောထီးရွာတွေက နှမ်းတွေကိုသယ်ယူလာတဲ့ CDF-KKG တပ်ရင်း ၄ က စစ်မြေပြင်ထောက်လှမ်းရေးအရာရှိ - IO နဲ့ ပြည်သူ ၃ ဦးကို ပစ္စည်းနဲ့တကွ ဖမ်းမိထားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၀ ရက်မနက်ပိုင်းမှာ နယ်မြေခံအဖွဲ့အစည်းတွေနဲ့ ခရိုင်တပ်ရင်းတွေ ပူးပေါင်းပြီး မြောက်ခင်ရမ်းနဲ့ အနည်းငယ်ဝေးတဲ့ကျေးရွာတခုမှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
“ပျူရွာတွေကို ကုန်စည်ပို့ဆောင်နေတဲ့ အဖွဲ့အစည်းတွေကို ဖမ်းဆီးရရှိရေးဆိုပြီး ကြိုးစားနေကြရာမှာ တချို့လည်း ဖမ်းဆီးရမိတာရှိသလို အခုကျတော့ တော်လှန်ရေးမှာ ပါဝင်နေတယ်ဆိုတဲ့ KKG တပ်ရင်း ၄ က IO ကိုယ်တိုင် ပါလာတဲ့ ကား ၂ စီးကို သတင်းပေးပို့မှုအရ ကြိုတင်စောင့်ပြီး ဖမ်းဆီးနိုင်တာ။”လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး CDF KKG နဲ့ CDF KKG တပ်ရင်း ၄ ကို မြေလတ်အသံက ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။
ဖမ်းဆီးခံထားရတဲ့ စစ်မြေပြင်ထောက်လှမ်းရေးအရာရှိကတော့ ပျူစောထီးရွာက နှမ်းတွေကို ဝယ်ယူပြီး ပြန်လည်ရောင်းချနေတယ်ဆိုတာကို ဝန်ခံထားကြောင်း အထက်ပါ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
လက်ရှိ ဖမ်းဆီးမှုမှာတော့ CDF-KKG တပ်ရင်း ၄ ရဲ့ IO တဦး၊ ကားမောင်းသမား ၂ ဦးနဲ့ ဝယ်ယူဖို့ ချိတ်ဆက်ပေးတဲ့ အမျိုးသမီး ၁ ဦးတို့ကို နှမ်း ၂၉၈ တင်း၊ ကား ၂ စီးနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကြောင်းကြားကာ အရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
“သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရယ် ပြီးတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေပြီးတော့မှ ထိရောက်တဲ့ အရေးယူမှုမျိုးကို လုပ်နိုင်ဖို့တော့ မျှော်လင့်ပါတယ်၊ ထိရောက်တဲ့ အရေးယူမှုမျိုး မလုပ်နိုင်ဘူးဆိုရင် ကျတော်တို့ရဲ့ စွန့်စားပြီး ဖမ်းဆီးရတဲ့ကိစ္စတွေကလည်း အလကားဖြစ်ကုန်မှာ။”လို့ သူက ဆက်ပြောပါတယ်။
ပျူစောထီးကျေးရွာတွေမှာတော့ နှမ်း ၁ တင်းကို ၂ သောင်းခွဲနှုန်းနဲ့ မှောင်ခိုရောင်းချကြပြီး ပြင်ပမှာတော့ နှမ်း ၁ တင်းကို ၆ သောင်းကျော်ကနေ ၁ သိန်းကြားထိ ဈေးပေါက်နေတယ်လို့လည်း သိရပါတယ်။
ဂန့်ဂေါမြောက်ပိုင်းနဲ့ ကလေးတောင်ပိုင်းနယ်စပ်က ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရမ်း၊ ရွှေမြစ်သာ၊ လယ်ကြီးအရှေ့၊ လယ်ကြီးအနောက်၊ ဝင်ဝ၊ ကြံသာ၊ မှန်တော၊ ကျောက်ဆည်၊ ကျောက်ပြုတ်၊ အင်းကျွန်း စတဲ့ပျူရွာ ၁၂ ရွာကို ကာကွယ်ရေးတပ်တွေက ၂၀၂၂ နှောင်းပိုင်းကစတင်ပြီး ကုန်စည် ဖြတ်တောက်ရေး လုပ်ထားတာပါ။
ဖြတ်တောက်ရေးလုပ်ထားပေမယ့် အဲ့ဒီပျူစောထီးရွာတွေကို မှောင်ခိုဈေးကွက်ပုံစံနဲ့ ပစ္စည်းသယ်ပို့ ရောင်းချသူတွေရှိနေပြီး ပြီးခဲ့တဲ့ ဩဂုတ်လကလည်း ပျုစောထီးရွာတွေကို ရိက္ခာပို့တဲ့ ပြည်သူ ၅၀ကျော်ကို ဖမ်းမိခဲ့ပါတယ်။ ဒါပေမယ့် ငွေဒဏ်ပဲ သတ်မှတ်ကာ ထိရောက်တဲ့ အရေးယူမှုတွေတော့ မရှိခဲ့ဘူးလို့ ကလေးဒေသခံတွေဆီက သိရပါတယ်။
ပုံစာ - ဖမ်းဆီးရမိခဲ့တဲ့ နှမ်းကား။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ဂန့်ဂေါ #ပျူစောထီးရွာ #ရောင်းဝယ်ရေး
Share Share Share