သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပြည်မြို့အကျဉ်းထောင်အတွင်းမှာ နှစ်ရှည်ထောင်ချခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ပဲခူးတိုင်း၊ ပြည်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ထောင် ၂၀ နှစ်ထပ်မံချမှတ်ခဲ့လို့ စုစုပေါင်း ၃၉ နှစ်ရှိပြီ ဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတဦးဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ ပြည်ထောင်တွင်းတရားရုံးကနေ စက်တင်ဘာ ၂၂ ရက်က မြို့နယ် ၂ ခုကအမှု ၂ ခုအတွက် ထောင်နှစ် ၂၀ အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၂ ရက်ကလည်း ဦးကျော်ဇေယျကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ၂ မှု၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ၁ မှု၊ မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေနဲ့ ၁ မှု စုစုပေါင်း ၆ မှုအတွက်လည်း ထောင်ဒဏ် ၁၉ နှစ်ချမှတ်ခဲ့တာပါ။
"အခုအမိန့်ချတာလည်း နှစ်ရှည်ထောင်ဒဏ်ပဲ အရင်အမိန့်ချတာလည်း နှစ်ရှည်ထောင်ဒဏ်ပဲ ဆိုတော့ နှစ် ၄၀ နီးပါးဖြစ်သွားပြီလေ။ လက်ရှိလည်း ပြည်ထောင်မှာပဲချုပ်နှောင်ထားတယ်။ ပါးစပ်ထဲက ဥပဒေတွေပေါ့"လို့ မိသားစုနဲ့နီးစပ်သူတဦးဆီက သိရပါတယ်။
စစ်ကောင်စီက ဦးကျော်ဇေယျကို ပြီးခဲ့တဲ့နှစ် ဇွန်လ ၉ ရက်မှာ ဖမ်းဆီးခဲ့ပြီး ရန်ကုန်မြို့ ရေကြည်အိုင်စစ်ကြောရေးနဲ့ ပြည်မြို့ ဒကစ(ဒေသကွပ်ကဲရေးစစ်ဌာနချုပ်)စစ်ကြောရေး ၂ ခုမှာ ၂ လအကြာ စစ်ဆေးခဲ့ပြီး ပြည်ထောင်တွင်းတရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ဦးကျော်ဇေယျဟာ ပဲခူးတိုင်း၊ ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ၂ ကြိမ်ဆက်တိုက် အနိုင်ရခဲ့သူလည်း ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPရဲ့ စက်တင်ဘာ ၂၅ ရက်ထုတ်ပြန်ချက်အရ နွေဦးတော်လှန်ရေးကာလအတွင်း ဒီမိုကရေစီရေးလူပ်ရှားသူများနဲ့ ပြည်သူစုစုပေါင်း ၂၄၈၃၆ ဦးဖမ်းဆီးခံထားရပြီး အဲ့ဒီအထဲက ၁၉၂၆၄ ဦးမှာ ထိန်းသိမ်းခံထားရဆဲဖြစ်ကာ ၇၃၆၈ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။
ပုံစာ - ပြည်မြို့နယ် (NLD) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#သတင်း #NLD #လွှတ်တော်ကိုယ်စားလှယ် #ပဲခူးတိုင်း #ပြည်မြို့နယ် #ဖမ်းဆီးထောင်ချ #နိုင်ငံရေးအကျဉ်းသား #နှစ်ရှည်ထောင်ဒဏ်
Share Share Share