ဖောင်းပြင်က ကျေးရွာပျူစောထီးစခန်း ၄ ခုကို သိမ်းထားနိုင်ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး

ဖောင်းပြင်က ကျေးရွာပျူစောထီးစခန်း ၄ ခုကို သိမ်းထားနိုင်ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှာ စစ်ကောင်စီရဲ့ကျေးရွာပျူစောထီးစခန်း ၄ ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်ပြီး လက်နက်ခဲယမ်းတချို့လည်း ရရှိခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေထံက သိရပါတယ်။

မေ ၁၀ ရက်နဲ့  ၁၁ရက်နေ့တွေမှာ ဆည်ချောင်း၊ ဟာပါ၊ ဆိတ်ဆား၊ ညောင်ကုန်း စတဲ့ကျေးရွာတွေမှာရှိတဲ့ စစ်ကောင်စီလက်အောက် ပျူစောထီးစခန်း ၄ ခုကို သိမ်းပိုက်နိုင်ခဲ့ကာ ဆည်ချောင်းနဲ့ ဟာပါရွာစခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကြောင်းမှူးအပါအဝင်စစ်အုပ်စုတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကာ ၁၇ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

“ပျူစခန်း ၄ ခုသိမ်းပြီး ဆည်ချောင်းနဲ့ ဟာပါမှာ စစ်ကြောင်းမှူးအပါ အကျအဆုံးများတယ်။ စစ်**နဲ့ ပျူတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်” လို့ မြေပြင်ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေထံက လက်နက်၊ ကျည်ဆန်နဲ့ Jammerစက်တွေ သိမ်းဆည်းရမိခဲ့ပြီး စစ်အုပ်စုဘက်က သေဆုံးမှုတွေရှိသလို ရဲဘော်တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုတချို့ရှိထားတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲတွေကို မော်လိုက်ခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၃ နဲ့ နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းဆင်နွှဲနေကြတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကလည်း မေ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီး စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေက ဖောင်းပြင်မြို့ပေါ်မှာ အင်အားသွားပေါင်းနေကာ စစ်ကြောင်းပြန်ထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဖောင်းပြင်မြို့ တောင်ပိုင်းက ရွှေညောင်ပင်၊ ပုဂံတောင်၊ ချောင်းခွ၊ မယ်ဇလီစတဲ့ ရွာတွေနဲ့ မြို့တဖက်ကမ်းက ပိုးစားကုန်းရွာမှာ ပျူစောထီးစခန်းတွေ ကျန်ရှိနေဆဲဖြစ်ပြီး မြို့မြောက်ပိုင်းမှာတော့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က နယ်မြေစိုးမိုးမှု အများဆုံးယူထားနိုင်တာလည်း ဖြစ်ပါတယ်။ 

မေ ၅ ရက် ရောင်းဟီးရွာတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က စစ်သားအလောင်း ၇ လောင်း၊ လက်နက်ခဲယမ်းအမြောက်အများကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။

ပုံစာ- ဖောင်းပြင်တိုက်ပွဲအတွင်း မေလ ၁၀ ရက်နေ့က သိမ်းဆည်းရမိခဲ့သည့် လက်နက်နှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းတချို့။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ဖောင်းပြင် #စစ်ကောင်စီ #ပျူစောထီးစခန်း #စခန်းသိမ်းတိုက်ပွဲ #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10