ဘုတလင်မြောက်ခြမ်းက စစ်ရှောင် ၅၀၀ နီးပါး အရေးပေါ်အကူညီ လိုအပ်နေ

ဘုတလင်မြောက်ခြမ်းက စစ်ရှောင် ၅၀၀ နီးပါး အရေးပေါ်အကူညီ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မြောက်ခြမ်းကို စစ်ကောင်စီက စစ်ကြောင်းထိုးတဲ့အတွက် ဒေသခံပြည်သူ ၅၀၀ နီးပါး ထွက်ပြေးနေရပြီး အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေ ဆီက သိရပါတယ်။

ဘုတလင်မြို့ပေါ်ကနေ အင်အား ၁၀၀ နီးပါးနဲ့ ထွက်လာတဲ့စစ်ကြောင်းက အောက်တိုဘာ ၁၀ ရက်ကစတင်ကာ မြို့မြောက်ခြမ်းကကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေလုပ်နေတာကြောင့် ခုလိုရှောင်တိမ်းနေကြရတာလို့ ဆိုပါတယ်။

“မနက် ၁၀ နာရီလောက်မှာ **တွေဝင်ပြီး တွေ့တဲ့လူဖမ်းတယ်။ သက်ကြီးရွယ်အိုတွေကို သတ်တယ်။ ရွာသူရွာသားတွေ အကုန်ထွက်ပြေးနေကြရတယ်။ အချို့ အဝတ်အစားအပိုတောင် ပါမလာကြတာများတယ်။” လို့ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ ဦးဇင်းဇောတိက က မိန့်ပါတယ်။

ရုတ်တရက် စစ်ကြောင်းထိုးလာတဲ့အတွက် ပြည်သူအများစုက ပစ္စည်းယူချိန်မရဘဲ ကိုယ်လွတ်ရုန်းပြေးခဲ့ရကာ လက်ရှိအဝတ်အစားနဲ့ အခြေခံအသုံးအဆောင်တွေ လိုအပ်နေသလို စစ်ရှောင်ဦးရေက ဆက်တိုက် တိုးလာနေတဲ့အတွက် စားသောက်ရေးအတွက်နဲ့ ဆန်နဲ့ချက်ပြုတ်စရာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေထဲမှာ လက်နက်ကြီးထိမှန် ဒဏ်ရာရထားတဲ့ ပြည်သူတွေလည်းပါဝင်ပြီး ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

“လက်နက်ကြီး မှန်တာ၊ တောထဲမှာရှောင်တာ၊ လင်မယား ၂ ယောက်၊ တောထဲမှာရှောင်တော့ လူတယောက်ကနေ သူတို့ဆီပြေးလာတဲ့အခါမှာ **တွေက မြင်သွားတဲ့အခါကျတော့ လှမ်းပစ်လိုက်တာ၊ လက်မောင်းထိသွားတာ။”လို့ ဦးပဇင်းက ဆက်မိန့်ပါတယ်။

လက်ရှိ ဘုတလင်၊ စီပါ၊ ငပုရင်း၊ ကြိုကုန်း၊ မြောက်ကျီ၊ ရှမ်းတဲ၊ တလိုင်းစတဲ့ ကျေးရွာတွေက ပြည်သူ ၅၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး နောက်ထပ်ရောက်လာမယ့် စစ်ဘေးရှောင်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေက မုံရွာ နမခကနေ အောက်တိုဘာ ၄ ရက်ကတည်းက ဘုတလင်နယ်ထဲကို ဝင်လာပြီးနောက် ဘုတလင်တောင်ဘက်က ယုန်လှေးကုန်း၊ တရော်တော၊ အုတ်ကျင်း၊ ကုက္ကိုစု၊ ကျောက်အိုး (မြောက်)ရွာ၊ ကြက်ရိုးကုန်း၊ ဘုတလင်အရှေ့ဘက်က ရှမ်းတဲ၊ သပြေပင်၊ ဘုတလင် မြောက်ဘက်က မြောက်ကျီ၊ တလိုင်းစတဲ့ရွာတွေကို ဆက်တိုက်စစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုးစဥ်တလျောက် စစ်ကောင်စီတပ်သားတွေဟာ တရော်တောရွာက အသက် ၉၀ ကျော်အရွယ် စစ်ရှောင်အဖွားအို ၁ ဦး၊ ဗန္ဓုလရပ်ကွက်က ပြည်သူ ၈ ဦး၊ မြောက်ကျီက ပြည်သူ ၄ ဦး စုစုပေါင်း ၁၃ ဦးကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဘုတလင် #စစ်ကြောင်းထိုး #စစ်ရှောင် #အရေးပေါ်အကူညီလိုအပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10