ဘုရားထီးတင်ပွဲက ပြန်လာတဲ့ရဲတွေ မိုင်းဆွဲခံရ

ဘုရားထီးတင်ပွဲက ပြန်လာတဲ့ရဲတွေ မိုင်းဆွဲခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ တောင်ပို့လှအုပ်စု သရက်ချဥ်ရွာ ဘုရားထီးတင်ပွဲကနေ ပြန်လာတဲ့ရဲတွေကို ဧပြီလ ၂ ရက်မနေ့ညက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးဆီက သိရပါတယ်။

သရက်ချဥ်ရွာနဲ့ နတ်ပုတီးရွာကြားမှာ ဆိုင်ကယ် ၅ စီးနဲ့ ပေါင်းတည်မြို့ဘက်ကို ပြန်လာတဲ့ ပေါင်းတည်ရဲစခန်းက ရဲ ၇ ဦးလောက်ကို ည ၉ နာရီခွဲခန့်မှာ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မိုင်းဆွဲခဲ့တာလို့ ဆိုပါတယ်။


"သူတို့ပြန်လာတဲ့အချိန်မှာ နောက်ဆုံးက ဆိုင်ကယ် ၂ စီးကို ရိုးမြောင်းကူးတံတားနား မိုင်းဆွဲခဲ့တာပါ။ ထိခိုက်မှုတော့ မသိရသေးပေမယ့် ထိခိုက်မှုတော့ ရှိနိုင်တယ်" လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ရဲ ၁ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး အဲ့ဒီရဲကို ကားနဲ့လာသယ်သွားတယ်လို့ သိရကြောင်း ဒေသခံတဦးက ဆိုပါတယ်။

“ဘုရားပွဲမှာက လောင်းကစားဝိုင်းရှိတယ်။ ဘုရားပွဲကနေ တောင်ပို့လှရွာက သူတို့အသိအိမ်မှာ ဘီယာသောက်ပြီးအပြန် လမ်းမှာ မိုင်းဆွဲခံရတာ။ ရဲ ၁ ဦး ထိခိုက်ဒဏ်ရာရသွားပြီး ဒဏ်ရာရသူကို ကားနဲ့လာသယ်သွားတယ်” လို့ ပြောပါတယ်။

ဒီစစ်ဆင်ရေးကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၃၊ တပ်ခွဲ ၄ က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ရဲတွေဘက်က ထိခိုက်မှုအခြေအနေနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကလည်း ပေါင်းတည်မြို့နယ်၊ လက်ပံပါးပျဥ်းရွာက စစ်တပ်သတင်းပေးလို့ လူသိများသူ အမျိုးသားတဦးကို အဲ့ဒီရွာအနီးမှာပဲ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှင်းလင်းခဲ့ပါသေးတယ်။

ပေါင်းတည်မြို့နယ်ကို စစ်ကောင်စီက အခုနှစ်ဖေဖေါ်ဝါရီလ ၂ ရက်ကစတင်ကာ မာရှယ်လော ထုတ်ပြန်ထားတာဖြစ်ပြီး မြို့နယ်အတွင်းမှာတော့ မြို့ပြပြောက်ကျားအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏဆိုသလို ထိတွေ့တိုက်ခိုက်မှုတွေ ဖြစ်ပွားလျှက်ရှိနေတာလည်း ဖြစ်ပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10