ဘေးအိမ်ကမီးလောင်မှုကြောင့် အမျိုးသမီးတဦး ထိတ်လန့်သေဆုံး

ဘေးအိမ်ကမီးလောင်မှုကြောင့် အမျိုးသမီးတဦး ထိတ်လန့်သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်က ကျေးရွာတရွာမှာ နေအိမ်မီးလောင်နေချိန် အိမ်နီးချင်း အမျိုးသမီးတဦး ထိတ်လန့်သေဆုံးသွားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

မင်းလှမြို့နယ်၊ ညောင်သုံးပင်ကျေးရွာအုပ်စု၊ သပြေစမ်းရွာမှာ ဧပြီလ ၈ ရက် ည ၉ နာရီကျော်လောက်က ကိုမျိုးဇော်ထက်နဲ့ မမာဝေတို့ နေအိမ်မီးဖိုဆောင်က စပြီးမီးလောင်ခဲ့တာဖြစ်ပြီး နေအိမ်အနီးက အသက် ၄၀ အရွယ် မသီတာဆိုသူ ထိတ်လန့် သတိလစ်သွားရာကနေ သေဆုံးခဲ့တာပါ။ 

"အိမ်ရှင် လင်မယားက ထင်းမီးဖိုနဲ့ ရေနွေးအိုးတည်ထားခဲ့ပြီး သူတို့ကဖားထွက်ရိုက်တာမှာ မီးဖိုမှာသုံးတဲ့ လက်ခု (အဝတ်စဟောင်း)ကနေတဆင့် မီးကူးဆက်သွားတာ မီးလောင်တာမြင်ပြီး မသီတာက လန့်ပြီး သတိလစ်နေလို့ ဆေးရုံးသယ်သွားရင်း လမ်းမှာဆုံးတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

မသီတာ သေဆုံးကြောင်းကို မင်းလှဆေးရုံ တာဝန်ရှိသူတွေက အတည်ပြုပြီး အလောင်းကတော့ ဧပြီလ ၉ ရက် ဒီမနက်အထိ  မင်းလှဆေးရုံ ရင်ခွဲရုံမှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် နေအိမ်မီးဖိုဆောင် ပျက်စီးသွားပြီး အဲ့ဒီညမှာပဲ မီးစတင်လောင်ကျွမ်းတဲ့ အိမ်ရှင် ကိုမျိုးဇော်ထက်ကို မင်းလှရဲစခန်းက ဖမ်းသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်ကလည်း သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းခွအုပ်စု၊ ဇီးဖြူကွင်းရွာက နေအိမ်တလုံးနဲ့ မိုးညိုမြို့နယ်၊ သရက်တပင်ရွာက နေအိမ် ၂ လုံးလည်း မီးလောင်ပျက်စီးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

 #မြေလတ်အသံ

#ပဲခူး #မင်းလှ #မီးလောင် #အမျိုးသမီး #ထိတ်လန့် #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10