မကြည်ပြာ စားအုန်းဆီခွဲတမ်း မရခဲ့ပါ (လူမှုဘဝ)

မကြည်ပြာ စားအုန်းဆီခွဲတမ်း မရခဲ့ပါ (လူမှုဘဝ)

 

ယနေ့အဖို့ ရပ်ကွက်များ၏ ဘယ်အပိုင်းတွင် စားအုန်းဆီခွဲတမ်းနှင့် ရောင်းပေးမလဲဆိုတာ မကြည်ပြာ တယောက် လမ်းထိပ်ထွက် စုံစမ်းသည်။ လက်ထဲတွင်လည်း ရေသန့်ဗူးခွံအလွတ်တလုံးကို အသင့်ယူလာခဲ့သည်။ 

ကံကောင်းထောက်မစွာဖြင့် ဗူးခွံအလွတ်တွေ ကိုင်ထားကြသည့် လူတန်းရှည်ကြီးကိုတွေ့ရပါက ဝင်တိုးရင်း မနက်ခင်းတပိုင်းမှာပင် ငွေ ၃၀၀၀ ကျပ်လောက် အမြတ်ရနိုင်မည်ဟု သူမ စိတ်ထဲတွေးပြီး ကျေနပ်နေသည်။

၁၇ နှစ်ကျော်ပြီး ၁၈ နှစ်ထဲရောက်လာသည့် အပျိုအရွယ် မကြည်ပြာတယောက် သနပ်းခါးပါးကွက်ကြား လိမ်းပြီး ရေသန့်ဗူးခွံတလုံးနှင့် စားကျက်ရှာနေရသည်ကို ရှက်စရာလို့ မထင်။ အားလုံးကျပ်တည်းနေကြသည့် ယခုလို ကာလထဲ မိသားစုအတွက် တဖက်တလမ်းကနေ ငွေရှာပေးနိုင်သည်ဆိုတာကို သူမ ဂုဏ်ယူနေသည်။

“မရှက်ပါဘူး။ သူတို့ရောင်းလို့ဝယ်တာလေ။ သူများတွေလည်း တန်းစီနေကြတာပဲ။ ဒီနေ့တောင် ဘယ်မှာ ရောင်းမလဲလို့ လိုက်ကြည့်နေသေးတယ်” ဟု မကြည်ပြာက သူဆီတိုးဝှေ့ဝယ်သည့်အခြေအနေကို ပြုံးလျက် ပြောသည်။

မြေလတ်မြို့လေးတမြို့တွင် မကြည်ပြာ နေထိုင်သည်။ ဘယ်ကိုမှလည်း မရောက်ဖူးပါ။ ဘာမှကိုလည်း သူအသက်အရွယ်အလျောက် မသိပါ။ သူ့မိဘကိုတော့ သူသိတတ်သည်။ နိုင်ရာတာဝန်ကိုထမ်းသည်။ ဘာအလုပ်မှမရှိသည့်အခါ အိမ်အလုပ်ကို ကူညီလုပ်ကိုင်ပေးသည်။

ကိုဗစ်လကာလအတွင်း စာသင်ကျောင်းများနှင့်အတူ ရပ်နားခဲ့သည့် ကျောင်းပညာရေးကိုလည်း စစ်အာဏာသိမ်းမှု အလွန် ယနေ့(၂၀၂၃)အထိ သူမ ပြန်မစခဲ့သလို ကျောင်းလည်း ပြန်မတက်ဖြစ်တော့ပါ။ CDM လုပ်ခြင်းလည်းမဟုတ်သလို မတရားမှု တခုဆိုတာကို ခံစားရသော်လည်း ထိုကိစ္စတွေကို သူမတို့ သိပ်ဦးစားမပေးနိုင်ပါ။ ကျပ်တည်းလာသော စီးပွားရေးနှင့်အတူ နွမ်းပါးမိသားစုများ၏ သဘာဝအတိုင်း ပညာရေးကို စွန့်လွှတ်ခဲ့ခြင်းသာ ဖြစ်သည်။

ထိုအဖြစ်အပျက်က မကြည်ပြာတို့ မိသားစုတင် မဟုတ်ပါ။ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီနှင့် လူတစု၊ ခရိုနီများကလွဲလျှင် တနိုင်ငံလုံးရှိ မိသားစုတိုင်း ရင်ဆိုင်နေကြရသည့် အဖြစ်အပျက် ဖြစ်သည်။

နီးရာဓါးကို ကြောက်နေရသည့် လူများအဖို့ စားဝတ်နေရေးဆိုသည့် ဓါးကလည်း နေ့စဉ်ဆိုသလို ပါးပါး ပါးပါးဖြင့် ခုတ်ထစ်လှီးဖြတ်ခံနေရသည်။ တချို့လည်း ပရုတ်လုံးလို လုံပါးပါးလို့ ကွယ်ပျောက် သွားနေကြသည်။

စစ်အာဏာသိမ်းမှုကြောင့် ကသောင်းကနင်း ကျော်ဖြတ်နေကြရသည့် နှစ်များတွင် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ကာ နိုင်ငံ့စီးပွားရေးမှာ ရုတ်ချည်းဆိုသလို ထိန်းသိမ်းမရဖြစ်ခဲ့သည်။ ငွေကြေးဖောင်းပွမှုနှင့် ရင်ဆိုင်လာရသည်။ ရွှေဈေးများ လိုက်မမီအောင်ထိုးတက်သွားသည်။ ဒေါ်လာဈေးများ ဓါတ်လှေကားဖြင့် တက်နေသလို တရိပ်ရိပ်တက်သွားသည်။ 

နိုင်ငံ့ လူထုလူတန်းစားအားလုံး၏ ဘဝအခြေအနေမှာ ဆင်ပိန်ကျွဲ၊ ကျွဲပိန်ဆိတ်၊ ဆိတ်လောက်ပင် မရှိသည့် အခြေခံလူတန်းစားများမှာ ခိုင်းနှိုင်းစရာမရှိတော့ပါ။ 

ညစောင့်ဝန်ထမ်းတဦး လစာမှာ တလ ၁ သိန်းခွဲကျပ်(တနေ့ ၅၀၀၀)။ ဈေးဆိုင်၊ စတိုးဆိုင် ဝန်ထမ်းမိန်းကလေးငယ်တဦး တလ ၁ သိန်း ၂ သောင်းကျပ်(တနေ့ ၄၀၀၀)ကျပ်သာ ရပြီး အခြား နေ့စား အလုပ်ကြမ်းနှင့် အခြားသော လုပ်သားများအဖို့ ၇၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်ကြားတွင်သာ ရနေသည်။

ထိုအခြေအနေတွင် ဆန်းကြမ်း ၁ ပြည်(စားဖြစ်ရုံ) ၄၅၀၀ ကျပ်၊ စားအုန်းဆီ ၁၀ ကျပ်သား ၁၁၀၀ ကျပ်နှင့် အခြား စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးတက်နေချိန်တွင် လူတဦး တနေ့ဝင်ငွေမှာ ဆန် ၁ ပြည်နှင့် ဆီ ၁ ပိဿာဖိုးပင်မရ ဖြစ်နေသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုနှင့် ကလေးပါမကျန် စားဝတ်နေရေးအတွက် အအားမနေကြရတော့ပါ။

အိမ်ရှိလူကုန် ထမင်းစားဖို့ အလုပ်လုပ်ကြရသည့် ခေတ်တွင် မကြည်ပြာလည်း နိုင်ရာတာဝန်ကိုထမ်းရင်း ငွေရပေါက်ရလမ်းလေးတွေကို ရိုးရိုးသားသား ရှာဖွေလုပ်ကိုင်ခဲ့ပါသည်။ ယခင်ကလည်း တခြားမိဘအလုပ်တွေကို ကူညီသလို အခုတော့ ဆီတိုးနေပါသည်။

စစ်ကောင်စီက ထိန်းမရသည့် ကုန်ဈေးနှုန်းနှင့် စားအုန်းဆီဈေးကွက်ကို မယောင်ရာဆီလူးဖို့ စီမံချက်ဖြင့် ညွှန်ကြားသည်။ မြို့နယ်တိုင်းရှိ စားသုံးသူရေးရာနှင့် ဆီကုန်သည်များအား စားအုံးဆီခွဲတမ်းကို အကန့်အသတ်ဖြင့် ရောင်းချခိုင်းသည်။ 

စားအုံးဆီ ၁ ပိဿ ၄၅၀၀ ကျပ်ဖြင့် လူ ၁ ဦး(သို့မဟုတ်) အိမ်ထောင် ၁ စုကို ဆီ ၁ ပိဿာ(သို့မဟုတ်) ၅၀ ကျပ်သား စသည်ဖြင့် တန်းစီစနစ်၊ တုံကင်နံပါတ်ပြား ဝေငှသည့် စနစ်တို့ဖြင့် ရောင်းချသည်။ တချို့မြို့နယ်များတွင် လော်စပီကာဖြင့် လိုက်လံကြေညာခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တဆင့် ကြိုတင်အကြောင်းကြားခြင်းတွေကို လုပ်ကြသည်။

ကြိုတင်အကြောင်းကြားသလို ရောင်းချဖို့ပြင်ဆင်နေကြချိန်များ ရှိသည့်အတွက် ရောင်းချမည့်အရေအတွက်ထက် တန်းစီမည့်သူများက အဆမတန်များပြားနေတတ်သည်။ ကလေး၊ လူငယ်၊ လူကြီး၊ သက်ကြီးရွယ်အိုများလည်း ပါသည်။ ရာနှင့်ချီသည့် လူတန်းကြီးက နေပူလည်းမရှောင်၊ မိုးရွာလည်း မရှောင် ထီးခမောက်များဖြင့် တိုးဝှေ့နေကြသည်။

“လူတွေမှအများကြီး တန်းစီနေကြတာ။ မိသားစုလိုက် လာကြတာတွေလည်းရှိတယ်၊ နေရာကြိုဦးထားတာနဲ့ နေရာလုတာတွေလည်းဖြစ်တယ်။ ရန်တွေလည်းဖြစ်တယ်။ ဆဲကြဆိုကြပဲ” ဟု မကြည်ပြာက သူ့အတွေ့အကြုံကို ပြောပြသည်။

စီမံချက်နှင့် ဈေးလျော့ရောင်းချနေသည့် စားအုန်းဆီများကို စားဖို့အတွက် လာဝယ်သူအနည်းငယ်သာရှိသည်။ အများစုက ပြန်ရောင်းချဖို့ လာတန်းစီကြတာများသည်။ ဈေးကွက်အတွင်း ၁ သောင်းကျော်မှာရှိနေသည့် စားအုန်းဆီကို ၄ ထောင်ကျော်ဖြင့် တန်းစီဝယ်ယူနိုင်ပါက ၈ ထောင်လောက်ဖြင့် ပြန်ဝယ်ကြမည့် သူများက အဆင်သင့် စောင့်နေကြသည်။ 

ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်အသေးလေးများ၊ လက်ဖက်ရည်ဆိုင်နှင့် မုန့်ဆိုင်၊ အကြော်ဆိုင်များက လျော့ဈေးဆီများကို ပြန်ဝယ်ယူပေးကြသည်။ တချို့ကလည်း ကြိုငွေပေးတာမျိုး၊ ဆီလာပေးပါက ဆန်နှင့် တခြား စားသောက်ကုန်များကို လဲလှယ်ပေးတာမျိုးကို လုပ်ပေးကြသည်။ 

မိသားစုများပြီး တန်းစီတိုးမည့်သူ များသူတွေအတွက်  အနည်းဆုံး ၁ သောင်းနှင့် ၁ သောင်းခွဲလောက် ကို တမနက်တည်းနှင့် အရင်းမစိုက်ရဘဲ ရသွားနိုင်သည်။ ခွန်အားနှင့် အချိန်သည် အခြေခံလူတန်းစားများအဖို့ စားဝတ်နေရေးနှင့်လဲဖို့ အသင့်ရှိနေကြသည် မဟုတ်လား။

“အကြော်ဆိုင်က ပြန်ယူပေးတယ်။ တန်းစီသူတွေအကုန်လုံးပဲ အဲ့လိုလုပ်ကြတာ။ ပြန်ရောင်းကြတယ်။ အဖေအလုပ်အားတဲ့ နေ့တွေလည်း သူပါလိုက်တန်းစီတယ်လေ။” ဟု သားအဖနှစ်ယောက် ဆီတန်းစီကြပုံကို မကြည်ပြာက အားတက်သရောပြောပြသည်။

ခေတ်အဆက်ဆက် မြန်မာနိုင်ငံနှင့် ပြည်သူလူထုအခြေအနေသည် ထိုသို့ဖြစ်ခဲ့ပါသည်။ သမဝါယမခေတ်ကလည်းထိုနည်းပင်။ တန်းစီတိုးကြရသည့် ကုန်ပစ္စည်းများကို ပြန်ရောင်းကြသည်။ ထိုပစ္စည်းများကိုပင် ဆိုင်တွေမှာ ပေါ်ပေါ်တင်တင်ပြန်ရောင်းကြသည်။ နိုင်ငံတကာက ကူညီထောက်ပံ့သည့် ကုန်ပစ္စည်းနှင့် လူသုံးကုန်များကိုလည်း ထို့အတူပင် ပြင်ပဆိုင်တွေပေါ်သို့ ရောင်းကုန်အဖြစ်ရောက် ကုန်ကြသည်။

နာဂစ်မုန်တိုင်းအတွက် နိုင်ငံတကာက တံဆိပ်များဖြင့် လူဒါန်းထောက်ပံ့ကြသည့် ပစ္စည်းများပင် ဆိုင်များပေါ် ရောင်းကုန်အဖြစ် ရောက်ခဲ့ကြသည်။ နာဂစ်ဆား၊ နာဂစ်ခြင်ထောင်၊ နာဂစ် ဘီစကစ် ဆိုပြီး နာမည်ပင် ကြီးခဲ့သည်။ ဘာကြောင့်ဆိုသော် နိုင်ငံခြားဖြစ်ပစ္စည်းဆိုပြီး အရည်အသွေးကောင်းဆိုကာ ဈေးကောင်းပင် ရခဲ့ကြပါသည်။

ယခုလည်း ထိုသို့ပင်။ ခုတ်ရာတခြားရှရာတလွဲ ဖြစ်နေသည့် စစ်ကောင်စီ၏ စားအုန်းဆီဈေးနှုန်းလျော့ချရေး စီမံချက်မှာ အလုပ်မဖြစ်ခဲ့ပါ။ သို့သော်လည်း စစ်ကောင်စီကတော့ နိုင်ငံ့စီးပွားရေး စီမံခန့်ခွဲမှုအလွဲများကြောင့် လူတွေ လမ်းပေါ်မှာ ဆီတပိဿာရဖို့ တန်းစီနေတာကို ရှက်ရကောင်းမှန်း မသိခဲ့။ ဓါတ်ပုံရိုက်ပြီး လူထုအတွက် ဈေးလျော့ရောင်းပေးနေသည်ဆိုကာ ဂုဏ်ယူကြွေးကြော်နေခဲ့သည်။

မကြည်ပြာကတော့ ရေသန့်ဗူးခွံအလွတ်တလုံးဖြင့် လူတန်းရှည်ကြီး ရှိမည့်နေရာကို လိုက်စုံစမ်းနေသည်။ တနေ့တည်း နှစ်နေရာမှာ အချိန်မတူဘဲ ရောင်းချပေးခဲ့ပါကာ သူမက နှစ်နေရာလုံးကို သွားဖို့ အဆင်သင့် ဖြစ်နေသည်။

သို့သော် များပြားလှသည့် လူတန်းရှည်ကြီးကြားတိုးဝှေ့ရင်း သူမ အလှည့်ကျမှ ဆီကုန်သွားတာမျိုးလည်း ရှိခဲ့ပါသည်။ ထိုနေ့အဖို့တော့ ရေသန့်ဗူးခွံအလွတ်ကိုကိုင်ကာ အိမ်သို့ ပြန်လာခဲ့ရပါသည်။ ထို့အတွက်လည်း သူမစိတ်ဓါတ်မကျပါ။ သူမအတွက် အချိန်တွေပေါနေပါသည်။ နောက်ရက် ဘယ်နေရာမှာရောင်းမလဲ မေးမြန်းစုံစမ်းနေအုံးမည်ဖြစ်သည်။

“မနေ့ကမရဘူးလေ တန်းစီတဲ့သူတွေ များလို့ ပြန်လာခဲ့ရတယ်။ နောက်နေ့ကို လိုက်စုံစမ်းရဦးမယ်။” မကြည်ပြာက သူမ ဇွဲမလျှော့ကြောင်း ပြောလိုက်သည်။

မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနောက်ပိုင်း မကြည်ပြာနှင့်အတူ မကြည်ပြာပေါင်းများစွာ ရှိနေသည်။ မကြည်ပြာပေါင်းများစွာ ပေါ်ထွက်လာနေသည်။

မှတ်ချက်- လုံခြုံရေးအခြေအနေကြောင့် မကြည်ပြာ ဟု အမည်လွှဲဖြင့် ဖော်ပြထားသလို၊ နေထိုင်ရာမြို့ကိုလည်း အတိအကျ ဖော်ပြနိုင်ခြင်းမရှိပါ။

#မြေလတ်အသံ

#ဆောင်းပါး #လူမှုဘဝ #ပြည်သူလူထု #ကျပ်တည်းမှု #ကုန်ဈေးနှုန်း #အာဏာသိမ်းမှု #စစ်ကောင်စီ  #စီမံခန့်ခွဲမှုအလွဲများ #အခြေခံလူတန်းစား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10