မင်းတန်းရွာ ညသန်းခေါင်ချိန်လေယာဉ်နဲ့ဗုံးကြဲခံရ၊ နွား ၄ ကောင်သေပြီး နေအိမ် ၂၀ ကျော်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းတန်းကျေးရွာကို လူခြေတိတ်ချိန်ညသန်းခေါင်ယံမှာ လေယာဉ်နဲ့ ဗုံးကြဲချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မေ ၄ ရက် ည ၁၂ နာရီမှာ မင်းတန်းရွာပေါ်ကို တိုက်လေယာဉ်စတင်ပျံသန်းစဉ်မှာပဲ ဗုံး ၂ လုံး ကြဲချသွားတာလို့ ကျေးရွာဒေသခံတွေက ဆိုပါတယ်။

“ဗုံး ၂ လုံးကို လမ်းခြားပြီးတော့ တအိမ်တလုံး ကျတာပေါ့။ ဗုံးကျပြီး မီး လုံးလုံးလောင်သွားတာက ၄ အိမ်၊ ဗုံးတိုက်ရိုက်ကျတဲ့ တအိမ်ကကျတော့ မီးမလောင်ဘဲ အဆောက်အဦက ပြားပြီး ပြိုသွားတယ်။ PDF တွေရဲ့ စုရပ်နေရာလို့ ထင်ပြီး ကြဲသွားတာ”လို့ မင်းတန်းကျေးရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ဗုံးကြဲခံရတာကြောင့် ကျေးရွာအတွင်းရှိနွား ၄ ကောင်သေဆုံးပြီး၊ နေအိမ် ၄ လုံး အိမ်လုံးကျွတ် မီးလောင်ခဲ့ကာ ‌အိမ်အလုံး ၂၀ ဝန်းကျင်ကတော့ ဗုံးစတွေထိမှန်ပြီး ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ကျေးရွာနေ ပြည်သူတွေကတော့ တိုက်ပွဲတွေ စတင်ဖြစ်ပွားနေစဉ်ကတည်းက ရပ်ရွာတာဝန်ခံတွေက ရှောင်တိမ်းခိုင်းထားတဲ့အတွက် ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီဟာ မေ ၃ ရက် တိုက်ပွဲအပြီးမှာ မြစ်ကမ်းဘေးကို ခွာစစ်ဆင်ခဲ့ပြီးနောက် ယမန်နေ့မှာတော့ ရေကြောင်းပစ်ကူတရစပ်သုံးပြီး လေကြောင်းနဲ့ပါ ဗုံးကြဲခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ဒီကနေ့ မနက်မှာတော့ ဧရာဝတီမြစ်ကနေတဆင့် မြင်းခြံဘက်ကို ပြန်ဆုတ်ခွာသွားပြီး အင်အားဖြည့်တင်းနေတဲ့ အနေထားမှာရှိတယ်လို့ ဆိုပါတယ်။

မင်းတန်းရွာဟာ အိမ်ခြေ ၄၂၀၊ လူဦးရေ ၁၇၀၀ ခန့်ရှိပြီး လေကြောင်းနဲ့ ပထမဆုံးအကြိမ်ဗုံးကြဲခံရတာဖြစ်သလို ၂၀၂၂ မေလကလည်း အိမ်ခြေ ၁၀၀ ကျော် မီးရှို့ခံထားရတာ ဖြစ်ပါတယ်။

တည်းငြိမ်း - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #စစ်ကောင်စီတပ် #Airstrike #နေအိမ်ပျက်စီး #မင်းတန်းရွာ #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10