မင်းလှမှာ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်အုပ်စုက ဒေသခံနေအိမ် ၃၀ ကျော်ကို မီးရှို့ခဲ့

မင်းလှမှာ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်အုပ်စုက ဒေသခံနေအိမ် ၃၀ ကျော်ကို မီးရှို့ခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ပစ်ခတ်မှုတွေဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေက ဒေသခံနေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ဆီက သိရပါတယ်။ 

ဇူလိုင် ၁၅ ရက် နေ့လယ်ပိုင်းမှာ မင်းလှမြို့နယ်အပိုင်၊ ပဲခူးရိုးမတောင်ခြေ၊ ငလှစမ်းရွာဘုန်းကြီးကျောင်းကလာတဲ့ အင်အား ၁၅၀ ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ စမ်းဘုတ်အုပ်စု၊ ဆားချောင်းကျေးရွာအနီးမှာ ပစ်ခတ်မှုဖြစ်ပြီးနောက် ဆားချောင်းကျေးရွာက နေအိမ် ၂၆ လုံးနဲ့  စစ်ရှောင်တွေနေထိုင်တဲ့ တဲ ၄ လုံးကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ 

“စစ်ကြောင်းက လမ်းမအတိုင်းမလာဘဲ လယ်ကွင်းထဲကလာတယ်။ သတင်းရလို့ သူတို့လာမယ့် လမ်းက စောင့်နေတာ။ စစ်ကြောင်း တောင်ကုန်းကိုအတက်မှာ အပေါ်စီးကနေ အပိုင်ပစ်ရတာ။ အပြန်လှန်ပစ်တာ ၄၅ မိနစ်လောက်ကြာတယ်။ ဒီကောင်တွေ အထိနာသွားတာနဲ့ အိမ်တွေကို မီးရှို့သွားတာ” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ သတင်းပြန်ကြားရေးအဖွဲ့က ရဲဘော်ဒူးယားက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အိမ်တွေကိုမီးမရှို့ခင် နေအိမ်အတွင်းက ပစ္စည်းတွေကို ယူဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

တပ်ရင်း ၃၈၀၂ က ပေးပို့တဲ့ ဗီဒီယိုဖိုင်မှာတော့ မီးရှို့ခံရတဲ့နေအိမ်တွေထဲမှာ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း အိမ်ကြီးတွေလည်း ပါဝင်ပြီး အဲ့ဒီအိမ်တွေဟာ တအိမ်နဲ့တအိမ်ဟာ အနည်းဆုံး ဓါတ်တိုင်တခန်းစာအကွာလောက်မှာ ရှိနေတာကို တွေ့ရပါတယ်။

တိုက်ပွဲနဲ့ပတ်သက်ပြီး တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ ရဲ့ ထုတ်ပြန်ချက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်တဲ့ ၄၀ မမ၊ ၆၀ မမနဲ့  စနိုက်ပါကျည်တွေ ထိမှန်လို့ စစ်ကောင်စစ်တပ်သား ၇ ဦးသေကာ ၁၀ ဦးထက်မနည်းဒဏ်ရာရပြီး နယ်မြေရှင်းချိန်မှာ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့ အခြေစိုက် ခမရ ၅၃၄ အမှတ်အသားပါ လည်စီး ၁ ခု၊ 79 ကျည်ခွံတွေနဲ့  စစ်သုံးဖိနပ် ၁ ရံကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂ နဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ Myanmar Defense Force တို့က ၄၀ မမ၊ ၆၀ မမ၊ စနိုက်ပါတွေ အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၅ ဦး လဲကျသေဆုံးတာကို မျက်မြင်တွေ့ခဲ့ရပြီး ၂ ဦးက လမ်းမှာသေဆုံးတယ်လို့ သတင်းရကြောင်း  ရဲဘော်ဒူးယားက ပြောပါတယ်။

ဇူလိုင် ၁၇ ရက် ဒီမနက်အထိ စစ်ကောင်စီစစ်ကြောင်းဟာ ငလှစမ်းရွာဘုန်းကြီးကျောင်းမှာပဲ ရှိနေကာ အဲ့ဒီနေရာတဝိုက်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်တာကြောင့်  ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အနီးဝန်းကျင်မှာ နေထိုင်သွားလာာတာတွေ မလုပ်ဖို့ကိုလည်း သတိပေးထားပါသေးတယ်။ 

မင်းလှမြို့နယ်သားတဦးကတော့ ဆားချောင်းရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့တာ ဟုတ်မှန်ပြီး ဒီတိုက်ပွဲအတွင်း ထိခိုက်သေဆုံးအရေအတွက်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။  

ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကလည်း မင်းလှမြို့နယ်၊ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း ဇာမဏီ တံတားအနီးမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ နဲ့ စစ်ကောင်စီတို့ ပစ်ခတ်မှုဖြစ်ပြီး PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပါသေးတယ်။  

ပုံစာ - မီးရှို့ခံရတဲ့ နေအိမ်များနှင့် သိမ်းဆည်းရမိသည့် စစ်အသုံးဆောင်အချို့။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #မင်းလှ #စစ်ကောင်စီ #တိုက်ပွဲ #နေအိမ်မီးရှို့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10