သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပြီး နှစ်ဘက်သေဆုံးမှုတွေရှိတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂ ရက် မွန်းလွဲ ၁ နာရီခွဲလောက်မှာ မြို့ချောင်းကနေ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း၊ သဗြုချောင်းတံတားအနီးကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ဦးခန့်ပါ စစ်ကောင်စီတပ်သားတွေကို ဒေသခံပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းနဲ့ ရန်ကုန် မြောက်ပိုင်းခရိုင် တပ်ရင်း ၃ တပ်ခွဲ ၃ က ရဲဘော်တွေပူးပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဘက်ပစ်ခတ်မှု တနာရီကျော်ကြာခဲ့ကာ စစ်ကောင်စီတပ်ဘက်က စစ်သား ၇ ဦးသေပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဇွန် ၁ ရက် မွန်းတည့်ချိန်လောက်ကလည်း တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ ရဲ့ ယာယီစခန်းကို ကျောက်တံတားမြို့နယ် ၁၂ မိုင်ကနေလာတိုက်တဲ့ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်နဲ့ ၃၈၀၂ တပ်ခွဲ ၅တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
အဲဒီနေ့ မွန်းတည့်ချိန်လောက်မှာ ၃၈၀၂ တပ်ခွဲ ၅ ရဲ့ ယာယီစခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ လာတိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ရပြီး ကျည်ဆံနဲ့ ခဲယမ်းမလုံလောက်တဲ့အတွက် စခန်းမှ ဆုတ်ခွာပေးခဲ့ရလို့ စခန်းရှိ ဆိုင်ကယ် ၃၀ စီး၊ ရိက္ခာသယ် ကား ၂ စီးလည်း ဆုံးရှုံးပျက်စီးခဲ့ရတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသွားတဲ့ရဲဘော် ၂ ဦးဟာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဘက်မှ ၃၈၀၂ တပ်ခွဲ ၅ က ရဲဘော်ကိုလင်းနဲ့ ရဲဘော်ကျော်မင်းတို့ ၂ ဦးဖြစ်ပြီး စစ်ကောင်စီတပ်ကပစ်တဲ့ ဗုံးစထိမှန်ပြီသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“၁ ရက်နေ့ မနက်က တက်လာတာကို ကျနော်တို့က သတင်းမရလိုက်ဘူး ကားလမ်းအတိုင်း တက်လာမယ်ထင်ပြီးစောင့်နေတုန်း စခန်းထဲကို ချောင်းထဲကနေ ဝင်ချလာတာမှာ ရဲဘော် ၂ ယောက်က ကျသွားတာ“ လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ က တာဝန်ရှိသူတဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ရဲဘော် ၂ ဦးရဲ့အလောင်းကို အဲ့ဒီနေ့ ဇွန်လ၁ရက် ညနေပိုင်းမှာပဲ သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ မင်းလှမြို့နယ် ၅၄ မိုင် အနီးမှာ တပ်စွဲထားတယ်လို့ ပြောပါတယ်။
တိုက်ပွဲတွေထပ်ဖြစ်လာနိုင်သေးတဲ့အတွက် ပြည်သူတွေအနေနဲ့ ပဲခူးရိုးမအတွင်း သွားလာတာတွေ မပြုလုပ်ဖို့နဲ့ စစ်ဆင်ရေးတွေ ဆက်လက်ဖော်ဆောင်နိုင်ဖို့ ကူညီပေးကြဖို့လည်း ထုတ်ပြန်ချက်မှာ မေတ္တာရပ်ခံထားပါသေးတယ်။
ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ်ရက်တွေကလည်း ပဲခူးရိုးမအစပ်က ကျောက်တံခါးမြို့နယ်အပိုင် မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၁၂ မိုင်ကို တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲ့ ဗျူဟာစစ်ကြောင်းတို့ နှစ်ဘက်ထိတွေ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။
ပုံစာ - မင်းလှမြို့နယ် ပဲခူးရိုးမ အစပ်မှာတွေ့ရသည့် စစ်အုပ်စုဝင်တွေ(ပုံဟောင်း)
စာတည်း-လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း #သာယာဝတီခရိုင် #မင်းလှမြို့နယ် #ပဲခူးရိုးမ #စစ်ကောင်စီ #စစ်ကြောင်း
Share Share Share