မတ္တရာမြို့နယ်အနောက်ခြမ်းက ရွာ ၃ ရွာကို စစ်တပ်မီးရှို့    ■ တိုက်ပွဲကို ပစ်ကူပေးတဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦး သေဆုံး

မတ္တရာမြို့နယ်အနောက်ခြမ်းက ရွာ ၃ ရွာကို စစ်တပ်မီးရှို့ ■ တိုက်ပွဲကို ပစ်ကူပေးတဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦး သေဆုံး

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ကျေးရွာ ၃ ကို စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပြီး နွားတွေအပါအဝင် ဒေသခံတွေရဲ့ပစ္စည်းတွေပါ သယ်ယူသွားတယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံဆီက သိရပါတယ်။

မီးရှို့ခံခဲ့ရတဲ့ကျေးရွာတွေဟာ ဧရာဝတီမြစ်ကမ်းအနီးရှိ သူဌေးကျွန်း၊ ရွှေဘိုးကြီး၊ ထန်းခြောက်ပင်ကျေးရွာတွေဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက် မနေ့မနက် ၁၀ နာရီလောက်မှာ အင်အားအလုံးအရင်းနဲ့ဝင်ရောက်ကာ နေအိမ်တွေကနေ ပစ္စည်းတွေသယ်ယူပြီးနောက် ကျေးရွာနေအိမ်တွေကိုမီးရှို့ခဲ့ပြီး မတ္တရာမြို့ထဲ ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဥဒိန်ရွာမှာအထိုင်ချခဲ့တဲ့ စစ်ကြောင်းဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်မှာ ဆောက်ချုံပေါက်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်မှာ အင်အားထပ်မံဖြည့်ကာ အထက်ပါရွာတွေကို ဝင်ရောက်လာတာလို့ သိရပါတယ်။

ယမန်နေ့ ဆောက်ချုံပေါက်ကျေးရွာအနီးဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း မနက် ၁၁ နာရီကျော်လောက်စတင်ကာ စစ်တပ်က လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ ဓာတုဗုံးတွေပါ ပါဝင်တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း စိန်ပန်းကုန်းရွာက အမျိုးသား ၁ ဦးအပါအဝင် စစ်ရှောင်အမျိုးသား ၂ ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦးနဲ့ ကလေးငယ် ၁ ဦးထိခိုက်ဒဏ်ရာတွေရခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်ဆုတ်သွားတယ်လို့ယူဆရတဲ့ စိန်ပန်းကုန်းကျေးရွာတွေဘက်ကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ တိုက်ပွဲဖြစ်ပွားပြီး လေကြောင်းတိုက်ခိုက်ခံရတဲ့ ရွာတွေနဲ့ မီးရှို့ခံရတဲ့ ကျေးရွာတွေအနီး စစ်ကောင်စီတပ်ဖွဲ့တွေရှိနေသေးတာကြောင့် သေဆုံးသူတွေရဲ့အသေးစိတ်အခြေအနေတွေ၊ မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်နဲ့ ပျက်စီး၊ ပျောက်ဆုံး ဆုံးရှုံးမှုတွေကိုတော့ မသိရသေးပါဘူး။

မတ္တရာအနောက်ခြမ်းမှာ စစ်ပွဲတွေကြောင့် ရှောင်တိမ်းနေရတဲ့ကျေးရွာပေါင်း ၂၀ ထက်မနည်းရှိနေကာ ဒီကနေ့မနက်မှာတော့ မတ္တရာနယ်အတွင်း တိုက်ပွဲအခြေအနေတွေငြိမ်သက်နေပြီး စစ်ကောင်စီတပ်ကလည်း မတ္တရာအနောက်ခြမ်းကကျေးရွာတွေမှာအထိုင်ချတပ်စွဲတာတွေလည်းရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #တိုက်ပွဲ #မီးရှို့ #လေကြောင်းတိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10