မဒေါင်းလှ ပျူစောထီးရွာတိုက်ပွဲမှာ စစ်ကောင်စီစခန်းအားလုံးနီးပါး ဖျက်ဆီးခံရ

မဒေါင်းလှ ပျူစောထီးရွာတိုက်ပွဲမှာ စစ်ကောင်စီစခန်းအားလုံးနီးပါး ဖျက်ဆီးခံရ

 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူစောထီးကျေးရွာက စစ်ကောင်စီနဲ့ပျူစောထီးစခန်းတွေကို ဒေသခံကာကွယ်ရေးတပ်တွေကတိုက်ခိုက်ပြီး စခန်းအားလုံးနီးပါးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြေပြင်တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဒေသခံကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။

ဩဂုတ်လ ၁၈ ရက်မှာ ပထမအကြိမ်တိုက်ခိုက်ခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ဩဂုတ် ၃၁ ရက်မှာ ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခဲ့ရာ ရွာထဲမှာရှိတဲ့ ဘန်ကာတွေနဲ့ စစ်ကောင်စီအထိုင်ချထားတဲ့ နေရာအားလုံးနီးပါးကို ဖျက်ဆီးခဲ့နိုင်ပြီး ဘုန်းကြီးကျောင်းမှာရှိတဲ့ တပ်စခန်းတခုသာ ကျန်တော့ တယ်လို့ ဆိုပါတယ်။ 

“တော်တော်ကြီးတော့ အောင်မြင်လိုက်တယ်၊ စစ်**တွေ ပြန်အထိုင်ချလို့မရအောင် အကုန်လုံးနီးပါး ဖျက်ဆီးပစ်နိုင်ခဲ့တယ်၊ ခန့်မှန်းခြေ ၄၀ ဝန်းကျင်လောက်တော့ (သေ)ရှိမှာပေါ့၊ တချို့က အလံဖြူထောင်ပြီး ထွက်လာတာရှိတယ်၊ ဖမ်းမိတဲ့သူတွေကိုတော့ ဥပဒေနဲ့အညီ ထိန်းသိမ်းထား တယ်။” လို့ မြေပြင်တိုက်ပွဲပါဝင်ခဲ့တဲ့ ဒေသခံကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။ 

တိုက်ခိုက်နေချိန် စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ မြေပြင်စစ်ကူတွေလုပ်ခဲ့တာကြောင့် စခန်းအားလုံးမသိမ်းနိုင်ပေမယ့် အများစုကိုသိမ်းနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။ 

မဒေါင်းလှရွာရဲ့ အရပ်မျက်နှာတခုစီမှာ အနည်းဆုံး ဘန်ကာ ၅ လုံးနဲ့အထက်ရှိပြီး ဘန်ကာတွေက ရထားလမ်းသုံး ဇလီဖားတုံးတွေကို ကွန်ကရစ်လောင်းကာ အခိုင်မာဆောက်ထားတာကြောင့် ထိုးဖောက်ရမလွယ်ကူဘူးလို့ အဆိုပါ ရဲဘော်က ဆိုပါတယ်။

စက်တင်ဘာ ၁ ရက်မှာ မဒေါင်းလှရွာနဲ့ ၆ မိုင်ကျော်ဝေးတဲ့ ကန့်ဘလူ၊ ဇီးကုန်းသကြားစက်ကနေ စစ်ကူအင်အား ၁၇၀ ကျော် ရောက်လာတာကြောင့် ကာကွယ်ရေးတပ်တွေပြန်ဆုတ်ခဲ့ပြီး စက်တင် ဘာ ၂ ရက် ညနေပိုင်းမှာ မဒေါင်းလှရွာထဲကို Y12 ထောက်ပို့ယာဥ်နဲ့ ရိက္ခာ ခဲယမ်း ၁၄ ထုပ်၊ ညပိုင်းမှာ ၈ ထုပ် ချထားပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကူရောက်လာတဲ့ စစ်ကြောင်းထဲက အင်အား ၁၀၀ ဟာ မဒေါင်းလှရဲ့ ဘေးပတ်လည်က ရွာတွေဖြစ်တဲ့ ငကြိုင်း၊ သရက်ခေါင်း၊ ပေါက်တော၊ သနပ်စိန်၊ အင်ကြင်းပင် စတဲ့ရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေကာ ကျန်အင်အားကတော့ မဒေါင်းလှမှာ အထိုင်ပြန်ချဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ အခြေအနေငြိမ်သက်နေပေမယ့် အချိန်မရွေးတိုက်ပွဲပြန်ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ 

ပထမအကြိမ် တိုက်ခိုက်ခံရပြီးနောက်မှာလည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဩဂုတ် ၁၉ ရက်ကနေ ၃၁ ရက်အတွင်း ဘအိုး၊ ရှားလွင်၊ မုံလှ၊ ပင်ဒင်း၊ စည်ပုတ္တရာ၊ သနပ်စိန်၊ စောကြီး၊ အင်ကြင်းပင် စတဲ့ရွာတွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၄ ဦးသေဆုံးထားတယ်လို့ ခင်ဦးဒေသခံတဦးက ပြောပါတယ်။

ခင်ဦးမှာ ပျူစောထီးကျေးရွာ ၄ ရွာရှိပြီး မဒေါင်းလှကျေးရွာကတော့ ပျူစောထီးအားကောင်းတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ခင်ဦး #စစ်ကောင်စီ #ပျူစောထီး #တိုက်ပွဲ #စခန်းသိမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10