မန္တလေးတိုင်းရဲ့ ဒုတိယမြောက်မြို့သိမ်းတိုက်ပွဲမှာ လက်နက် ၂၀၀ ကျော်ရ

မန္တလေးတိုင်းရဲ့ ဒုတိယမြောက်မြို့သိမ်းတိုက်ပွဲမှာ လက်နက် ၂၀၀ ကျော်ရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကို တအာင်းတပ်မတော်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က အလုံးစုံထိန်းချုပ်နိုင်ပြီး တိုက်ပွဲအတွင်း လက်နက် ၂၀၀ ကျော်ရခဲ့တယ်လို့ တအာင်းတပ်မတော် -PSLF/TNLA က ဇူလိုင် ၂၅ ရက် ဒီနေ့လယ်မှာ သတင်းထုတ်ပြန်ထားပါတယ်။

တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ဇွန် ၂၅ ရက်ကတည်းက မြို့ကိုသိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဇူလိုင် ၂၄ ရက် ညနေ ၅ နာရီမှာ အပြီးသတ် သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့အနောက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ရွှေမျက်၀န်း၊ အေးစေတီကုန်း၊ အာကာမိုး၊ ဒေါ်နန်းကြည်တောင်၊ ဗျူဟာကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း စတဲ့စခန်း ၈ ခုကို ဇွန် ၃၀ ရက်မှာသိမ်းပိုက်ခဲ့ပါတယ်။ 

အဲ့ဒီနောက် မိုးကုတ်မြို့အရှေ့ခြမ်းက စစ်ကောင်စီစခန်းတွေဖြစ်တဲ့ မန်တိုင်(၅)တပ်၊ ငရမ်းအင်၊ ရေကန်တောင်၊ တာ၀ါတိုင်စခန်း၊ ပတ္တမြားစေတီ၊ ပန်းမထိပ်ရွာစခန်း၊ အကျဉ်းထောင်၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကိုတော့ ဇူလိုင် ၂၄ရက် မနေ့က အပြီးသတ်သိမ်းပိုက်ပြီး မြို့ကိုရခဲ့တာလို့ ဆိုထားပါတယ်။

တိုက်ပွဲအတွင်း စစ်သုံ့ပန်း အယောက် ၃၀၊ လက်နက်မျိုးစုံ ၇၃ လက်၊ ၁၂၀ မမ ၂ လက်၊ ၆၀ မမ ၁၁ လက်၊ ၈၁ မမ ၁လက်၊ ငါးကြင်းမြီး(စက်လတ်) ၃လက်၊ ပွိုင့်ဖိုက် ၁ လက်၊ RPG ၂ လက်၊ Jammer ၁ စုံ၊ အတွဲလိုက်ဒုံး ၄ လုံးတွဲ ၁ လက်၊ မိုင်းမျိုးစုံ၊ ကျည်ဆန်မျိုးစုံအပါအဝင် လက်နက် ၂၀၀ ကျော်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူသေဆုံးမှုတွေလည်းရှိခဲ့ပြီး အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၈ ဦးနဲ့ ကလေး ၉ ဦး သေဆုံးကာ ၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့ဟာ မန္တလေးတိုင်းထဲမှာ တော်လှန်ရေးလက်နက်ကိုင်တပ်တွေဘက်က သိမ်းပိုက်နိုင်ခဲ့တဲ့ ဒုတိယမြောက်မြို့ဖြစ်ပြီး ပထမဆုံးမြို့ဖြစ်တဲ့ စဉ့်ကူးမြို့ကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ရက်က သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

စာတည်း -  လင်း 

#မြေလတ်အသံ

#မန္တလေး #မိုးကုတ် #မြို့သိမ်းတိုက်ပွဲ #လက်နက်သိမ်းဆည်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10