သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကောင်စီက မန္တလေးကရွှေဆိုင်ပိုင်ရှင်တွေကို ရွှေလာရောက်ရောင်းချရာမှာစောင့်ကြည့်ရမယ့် အကြောင်းအရာတွေနဲ့ပတ်သက်ပြီး သင်တန်းတွေ ဆက်တိုက်ပို့ချနေတယ်လို့ မန္တလေးရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းထံက သိရပါတယ်။
အဲ့ဒီသင်တန်းတွေကို "ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး" လို့ ခေါင်းစဥ်ပေးထားပြီး ယခုနှစ်အစပိုင်းကတည်းက ရွှေလုပ်ငန်းရှင်တွေကိုသင်တန်းပေးနေတာဖြစ်ကာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ ဒုတိယအကြိမ်သင်တန်းပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။
" ဒါကနေပြည်တော်က ဆင်းသင်တာ။ ဆိုင်တိုင်း မတက်မနေရပဲ။ တခြားမြို့သေးတွေလည်း သင်တန်းပေးတယ်လို့ သိရတယ်။ နယ်ကရွှေဆိုင်တွေက နီးစပ်ရာမြို့တွေမှာတက်ရတာပေါ့" လို့ မန္တလေးမြို့က ရွှေဆိုင်ပိုင်ရှင်တဦးက မြေလတ်အသံကို ပြောပါတယ်။
ရွှေလုပ်ငန်းရှင်တွေကို သင်တန်းပို့ချရာမှာ ရွှေအရောင်းအဝယ်ပြုလုပ်စဥ် မသင်္ကာစရာတွေ့ရှိတာနဲ့ သတ်မှတ်ငွေပမာဏထက် ကျော်လွန်ရောင်းချပါက တိုင်ကြားဖို့၊ ရာဇဝတ်မှုများတဲ့ဒေသကလာသူတွေကို ပိုမိုစိစစ်ဖို့၊ ရောင်းချသူရဲ့အချက်အလက်တွေကို သေချာစိစစ်ကာ နှစ်စဥ်ရောင်းချတဲ့ပမာဏတွေကို စစ်ဆေးဖို့ စတဲ့အချက်တွေအဓိကပါဝင်ပြီး လက်နက်ဝယ်ယူမယ့်ငွေတွေမဖြစ်ဖို့ကို မဖြစ်မနေစိစစ်ရမယ်ဆိုတဲ့အချက်က အများဆုံးပါဝင်တယ်လို့ ရွှေလုပ်ငန်းအသိုင်းအဝိုင်းက ဆိုပါတယ်။
ရွှေရောင်းချမှုမှာ ကျပ်သန်း ၁၀၀ နဲ့အထက်၊ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နဲ့အထက် သတ်မှတ်ထားပြီး အဆိုပါငွေပမာဏထက် ကျော်လွန်ရောင်းချသူတွေကို စစ်ကောင်စီထံတိုင်ကြားရမှာဖြစ်ကာ ကျပ်သိန်း ၂၀၀ နဲ့အထက်ကိုတော့ ဘဏ်စနစ်နဲ့သာပေးချေဖို့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ဒီအချက်တွေကိုတွေ့ခဲ့ရင် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့(FIU)ကို သတင်းပေးပို့ရမယ်လို့ စစ်ကောင်စီကပြောဆိုထားပြီး အဆိုပါ ရွှေရောင်းချသူတွေအပေါ် စိစစ်ရမယ့်ကိစ္စတွေနဲ့ပတ်သက်လို့ ဆိုင်ဝန်ထမ်းတွေကို တာဝန်ခံခိုင်းထားကာ ရွှေဆိုင်တွေမှာလည်း တာဝန်ခံ၊ မန်နေဂျာနဲ့ ကြီးကြပ်သူ ၅ ဦးရဲ့နာမည်တွေကို ဗီနိုင်းနဲ့ချိတ်ခိုင်းထားတယ်လို့ သိရပါတယ်။
" အဓိကတော့ ငွေကြေးခဝါချမှုကို အဓိကထားပြောတယ်။ ရွှေတောဘက်ကနေ ပမာဏများများ လာရောင်းကြတဲ့အခါမျိုးတွေ စိစစ်ဖို့ဆိုတာတွေ များတယ်။ ဆိုင်တွေမှာလည်း ငွေကြေးခဝါချမှုနဲ့ ပတ်သက်တဲ့ စည်းမျဥ်းတွေကို သိရှိလိုက်နာကြောင်း စာတွေကပ်ထားရတယ်။" လို့ အထက်ပါရွှေဆိုင်ပိုင်ရှင်က ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးရဲ့နောက်ဆက်တွဲ တိုက်ပွဲတွေအတွင်း မန္တလေးတိုင်း၊ စဉ့်ကူး၊ မတ္တရာမြို့နယ်တွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပြီးတဲ့နောက် အဲ့ဒီဒေသတွေက ရွှေထွက်ရှိတဲ့နေရာတွေကိုလည်း တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
မန္တလေးတိုင်း မတ္တရာနဲ့ စဉ့်ကူးနယ်တွေမှာ ရွှေလုပ်ကွက်တွေ သိမ်းယူခံရပြီးတဲ့နောက် စစ်တပ်က ယခုလိုရွှေရောင်းချတာတွေကို ကန့်သတ်တာတွေလုပ်လာပြီး ရောင်းချသူတွေဖြည့်ရမယ့် ပုံစံစာရွက်တွေပါ သတ်မှတ်ပေးထားတာလို့ သိရပါတယ်။
စစ်ကောင်စီက အထက်ပါသင်တန်းတွေကို မန္တလေးကရွှေလုပ်ငန်းရှင်တွေအပြင် မြို့ကြီးတွေဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်နဲ့ အခြားမြို့ငယ်တွေမှာလည်း အလားတူသင်တန်းတွေ ဖွင့်လှစ်သင်ကြားနေတယ်လို့ သိရပါတယ်။
ပုံစာ - မန္တလေးရွှေလုပ်ငန်းရှင်အသင်းတွင် ရွှေရောင်းဝယ်မှုပြုလုပ်နေစဉ်။ (ပုံဟောင်း)
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မန္တလေး #ရွှေလုပ်ငန်း #ငွေကြေးခဝါချမှု #စစ်ကောင်စီ #ကန့်သတ်
Share Share Share