သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဒုတပ်ကြပ်ပသိုင်း ကျဆုံးပြီး နှစ်နှစ်နီးပါးကြာခဲ့သော်လည်း သူကျန်ရစ်ခဲ့သည့် တခုတည်းသောပစ္စည်း ဖုန်းကို ရဲဘော်ရဲဘက်ဖြစ်သူ ကိုဗေတယောက် အခွင့်ရေးရတိုင်းအားသွင်းထားသည်။ ကိုယ်နှင့်မကွာလည်း ယူသွားတတ်သည်။ ဖုန်း၏ ပါဝါခလုတ်ကိုနှိပ်လိုက်ပါက ကိုပသိုင်း၏ ဓါတ်ပုံပေါ်လာသည်။ ပိုင်ရှင်မဲ့သွားသော ဖုန်းကတော့ ဘာမှ အသုံးပြုလို့မရတော့ပေ။
စစ်ကောင်စီ၏ အစောဆုံးလေကြောင်းတိုက်ခိုက်မှုများအဖြစ် သတိထားမိစေသည့် ရက်စက်စွာနှိမ်နင်းမှုတွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်က ပါဝင်နေသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ဒေသတော်လှန်ရေးတပ်ဖွဲ့တပ်ရင်းများနှင့် ချင်းတိုင်းရင်းသား တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ ခေါင်းဆောင်များ နှမ်းခါးကျေးရွာတွင် အစည်းအဝေးလုပ်နေချိန် လေကြောင်းသာမက မြေပြင်ကပါ စီးနင်းတိုက်ခိုက်ခံခဲ့ကြရသည်။
အစည်းအဝေးလုပ်မည့် သတင်းကို ဒလန်သတင်းပေးက စစ်ကောင်စီကို ကြိုတင်သတင်းပေးခဲ့ပြီး လေကြောင်းက ပစ်မှတ်အတိအကျဖြင့် ပစ်ခတ်နိုင်ခဲ့သည်။ သို့သော်လည်း အစည်းအဝေးလုပ်မည့် နေရာကို ရွှေ့ခဲ့သည့်အတွက် ခေါင်းဆောင်တချို့ လွတ်မြောက်ခဲ့ကြသည်။
စစ်ကောင်စီ၏ တိုက်ခိုက်မှုများအတွင်း ပိတ်မိနေသည့် တော်လှန်ရေးခေါင်းဆောင်များကို သွားကယ်ရန် အနီးနားကျေးရွာဖြစ်သည့် မွေ့လည်ကျေးရွာကနေ ကိုပသိုင်း ထွက်လာခဲ့ခြင်းဖြစ်သည်။
“ခေါင်းဆောင်တွေကို အပစ်ခံရပြီဆိုတော့ အဲ့နားက မွေ့လည်ရွာမှာရှိနေတဲ့ ကိုပသိုင်းက သွားကယ်ထုတ်တာ အဲ့အချိန်ဆီးပြီးတော့ အပစ်ခံရတာ” ဟု ကိုပသိုင်းကျဆုံးခဲ့ရသည့် ဖြစ်စဉ်ကို ကိုဗေက ပြောပြခဲ့သည်။
ထိုတိုက်ခိုက်မှုတွင် ဒုတပ်ကြပ်ပသိုင်းအပါအဝင် တော်လှန်ရေးရဲဘော် ၇ ဦးခန့်ကျဆုံးခဲ့ပြီး သာမန်အရပ်သား ၁၀ ဦးနီးပါး အသတ်ခံခဲ့ရပြီး အနီးနားကျေးရွာနေအိမ်နှင့် ဆေးခန်းများကိုလည်း စစ်ကောင်စီက ဖျက်ဆီးခဲ့ကြသည်။
စစ်ကောင်စီ အထူးလေ့ကျင့်ထားသော တပ်သားများ၏ တိကျသောပစ်ချက်က ဒုတပ်ကြပ်ပသိုင်းလည်ကို ဖောက်ထွက်သွားခဲ့သည်။ ကယ်ထုတ်ပေးရမည့်သူများဆီ မရောက်ခင် နှမ်းခါးရွာအဝင်မန်ကျည်းပင်တန်းအောက်မှာ ကိုပသိုင်းအသက်ပေးခဲ့လိုက်ရခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုပသိုင်းစီးနင်းလာသည့် ဆိုင်ကယ်ကို ပစ်ခတ်နေချိန်တွင် ပိတ်မိနေသည့် တော်လှန်ရေးခေါင်းဆောင်တချို့ လွတ်မြောက်ခဲ့ကြသည်။
“မွေ့လည်ရွာနဲ့ နှမ်းခါးရွာကြားမှာရှိတဲ့ နှမ်းခါးရွာအဝင်ညာဖက်မှာရှိတဲ့ မန်ကျည်းပင်တန်းလေးမှာ သူကျတာ” ဟု ကိုဗေက အထပ်အထပ်အခါခါ ပြန်ပြောနေသည်။
ကိုဗေနှင့် ကိုပသိုင်းတို့က တမြို့တည်းသားမဟုတ်ကြပေမဲ့ နယ်ချင်း ထိစပ်နေကြသည်။ ကိုဗေက မကွေးတိုင်း၊ ကံမမြို့နယ်ထဲက ရွာတရွာမှာ နေထိုင်ခဲ့သည်။ ကိုပသိုင်းကတော့ ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ထဲက ရွာလေးတရွာမှာ နေထိုင်ခဲ့ကြသည်လို့ ကိုဗေက ဆိုသည်။
ကိုပသိုင်းက ၂၈ နှစ်အရွယ် အရှိုချင်းတိုင်းရင်းသား စစ်ပြေးတယောက်ဖြစ်သည်။ ခရစ်ယာဘာသာကို ကိုးကွယ်ယုံကြည်သူ။ လူပျိုလူလွတ်လည်း ဖြစ်သည်။ စစ်တပ်ထဲသို့ ၂၀၁၃ ခုနှစ်မှာ ပြည်၊ မိချောင်းရဲ စစ်သားစုဆောင်းရေးတပ်ကနေတဆင့် ဝင်ရောက်ခဲ့သည်။ မန္တလေးတိုင်းအတွင်းက စစ်သင်တန်းကျောင်းတခုမှ သင်တန်းဆင်းခဲ့သူဖြစ်ကြောင်း ကိုဗေက ရှင်းပြသည်။
ပူတာအိုတွင် တာဝန်ကျနေချိန် အထက်အရာရှိများက ဒေသခံများ၏ ဝက်များကိုသတ်စားတာ လက်ဝတ်ရတနာတွေကို လုယူတာတွေကို မြင်ရပြီး စိတ်နာခဲ့သည်။ စစ်တပ်ထဲမှာလည်း တိုက်ပွဲတခုမှာပေါင်ကို ကျည်ထိမှန်ခဲ့ရသည်။ ထို့နောက် တပ်ပြေးအဖြစ် ၂၀၁၇ ခုနှစ်တွင် ထွက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူက အထက်အရာရှိတွေကို စိတ်နာပြီး ထွက်ပြေးလာတာ၊ လမ်းမှာ ဘုရာတွေမှာဝင်အိပ်ပြီး မန္တလေးမှာ ဆင်းရဲသားလို ဘုရားတွေမှာနေတာ့ ဂေါပကတွေက သနားပြီး လမ်းစားရိတ်ပေး ထမင်းကျွေးပြီး ပြန်လွှတ်လိုက်တာ” ဟု ကိုဗေ က ဆိုသည်။
ပန်းတောင်းမြို့နယ်ကို ပြန်ရောက်ခဲ့သော်လည်း ကိုပသိုင်း သူအိမ်တွင် ကောင်းကောင်းမနေခဲ့ရ။ စစ်ပြေးအဖြစ် တပ်ကလိုက်လံဖမ်းဆီးချိန်တိုင်း ရှောင်တိမ်းနေခဲ့ရသည်။ သူ့ရွာမှာပင် နေချင်စိတ်မရှိအောင် စိတ်ကုန်ခဲ့ကြောင်း ပြောသည်။
“သူက လူလိုနေချင်တာ။ တပ်ကိုစိတ်နာပြီး တော်လှန်ရေးမှာ အဆုံးထိပါမယ်ဆိုပြီး ကျနော်သင်တန်းသွားမယ့် နောက်ကို မေးမြန်းပြီးလိုက်လာတာ။” ဟု ကိုဗေက ဆိုသည်။
နွေဦးတော်လှန်ရေး၏ လက်နက်ကိုင်လမ်းစဉ်အစဖြစ်သည့် ၂၀၂၁ ဇူလိုင်လ ၁၉ ရက်နေ့မှာပင် ကိုဗေနှင့် ကိုပသိုင်းတို့ က ယောဒေသကိုရောက်ခဲ့ကြပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မဟာ ၇၊ တပ်ရင်း ၇၀၃ မှာ ပါဝင်ခဲ့ကြသည်။
တပ်ရင်း စစ်သင်တန်း အပတ်စဉ် ၁ မှာ ကိုပသိုင်း မွမ်းမံသင်တန်း တက်ရောက်ခဲ့သည်။ အပတ်စဉ် ၂ တွင်တော့ ကိုပသိုင်းက သင်တန်းဆရာအဖြစ် တာဝန်ထမ်းခဲ့သည်။ ရန်ဖြစ်စကားများတာမရှိ။ စိတ်ရင်းကောင်းသည်။ သင်တန်းသားတွေနဲ့ ရဲဘော်တွေက ဆရာပသိုင်း ဆိုပြီး ချစ်စနိုးဖြင့်ခေါ်ကြသည်။ ကိုဗေကတော့ ရီစရာတွေပြောတတ်လွန်းသည့်အတွက် ကိုဗေ ဟု နာမည်ပြောင်တွင်သွားခဲ့သည်။
အခုတော့ ကိုပသိုင်း မရှိတော့ပါ။ လက်နက်ကိုင်တော်လှန်ရေးခရီးကြမ်းတွင် အသက်ပေးခဲ့ရပြီဖြစ်သည်။ နှမ်းခါးရွာ မန်ကျည်းပင်တန်းလေးတွင် ကျန်ရစ်ခဲ့သည်။
“ကျနော့်ကို အိမ်မက်ထဲမှာ လာလာပြောတယ်။ သူကနှမ်းခါးရွာထိပ်မှာ ကင်းစောင့်နေပါတယ်ဆိုပြီး အမြဲတမ်းပြောတယ်။ သူမကျွတ်သေးဘူး” လို့ ကိုဗေက သူကြုံတွေ့ခံစားနေရသည့် အဖြစ်အပျက်ကို ပြောပြသည်။
ကိုပသိုင်းကျဆုံးပြီး ကြွင်းကျန်ရစ်သည့် ခန္ဓာကိုယ်တော့ မွေ့လည်ရွာမှာ မီးသင်္ဂြိုဟ်ခဲ့သည်။ အရိုးပြာကို အမှတ်တရအုတ်ဂူ လုပ်ပေးမည့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုရှိလာ၍ လုပ်မပေးခဲ့ကြရပေ။ ဘာသာရေး ထုံးတမ်းအစဉ်အလာတွေကိုလည်း လုပ်ဆောင်ပေးနိုင်ခြင်းမရှိခဲ့။ အရိုးပြာကို ယူလာခဲ့ရပေမယ့် ချောင်းနံဘေးတနေရာမှာပဲ ကိုဗေတယောက် ချန်ထားခဲ့ရသည်။
တော်လှန်ရေးပြီးပါက ကံမမြို့နယ်ထဲမှာ လူလိုနေလို့ရမည့်နေရာလေးတခုကို လုပ်ပေးကြဖို့ ကံမမြို့နယ်ထဲမှာ လူအဖြစ် အသိအမှတ်ပြုပေးဖို့ ကိုဗေကို တောင်းဆိုခဲ့သည်။ ထိုဆန္ဒကိုလည်း ကျဆုံးသွားသည့်တိုင် မဖြည့်ဆည်းပေးနိုင်ခဲ့တော့ပါ။
“စိတ်ထဲမကောင်းဘူး လူလိုနေရဖို့ကြိုးစားရင်းက လူလိုမနေခဲ့ရလို့ အရမ်းဝမ်းနည်းခဲ့ရတယ်။” ဟု ကိုဗေက စိတ်မကောင်းစွာပြောသည်။
တောင်းဆိုမှုများကို လုပ်မပေးနိုင်ခဲ့သည့်အတွက် နောက်ဆုံးကျန်ခဲ့သည့် ဖုန်းကိုတော့ ကိုပသိုင်း၏ဆွေမျိုးထံ ပြန်အပ်ချင်နေမိသည်။
“နှမ်းခါးရွာမှာ သူနေကျန်ခဲ့တယ်။ သူ့မိသားစုကို ကျနော်နဲ့ တော်လှန်ရေးမှာပါဝင်ခဲ့ပါတယ်လို့ ယုံကြည်အောင်ပြောပြဖို့ သူ့ဖုန်းလေးပဲ သက်သေအဖြစ် သိမ်းထားနေရတယ်။” ဟု ကိုဗေက ဖုန်းကိုထောင်ပြရင်း ပြောလိုက်သည်။
ကိုဗေတယောက် တော်လှန်ရေးပြီးသည့်အထိ သူ့အသက်ရှင်သန်အောင်နေထိုင်သွားမည်ဟု သံန္နိဌာန်ချထားသည်။ ဒါမှလည်း ကိုပသိုင်း၏ဖုန်းကို ကျန်ခဲ့သည့် မိသားစုထံ ယူသွားနိုင်လိမ့်မည်။ ကိုပသိုင်းမိသားစုကလည်း သေဆုံးသူကို ဘာသာရေးအရ လုပ်ပေးသင့်သည်များကို လုပ်ပေးနိုင်မည်။
ကိုဗေတယောက် မေးမြန်းမှုများကို ဖြေကြားပြီးနောက် ဖုန်းအားသွင်းဖို့ ထွက်သွားတော့သည်။ ယခုရက်ပိုင်းများတွင်လည်း သူနေထိုင်ရာ ချင်းတောင်တန်းဒေသစခန်းများဆီသို့ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေသည်။
မှတ်ချက် - ကျဆုံးသူ ကိုပသိုင်း နှင့် ကိုဗေ တို့မှာ တော်လှန်ရေးရဲဘော်များက ပေးထားသည့် နာမည်များဖြစ်သည်။ အမည်ရင်းများမဟုတ်ပါ။
#မြေလတ်အသံ
#ဆောင်းပါး #သတင်းဆောင်းပါး #မန်ကျည်းပင်တန်း #မကွေး #ဂန့်ဂေါ #နှမ်းခါးရွာ #လေကြောင်းတိုက်ခိုက်မှု #ပသိုင်း #ကျဆုံး #ကိုဗေ
Share Share Share