မိုးများပြီး ပေါက်ခေါင်းမြို့နယ်မှာ တောင်ပြိုမှုဖြစ်ခဲ့

မိုးများပြီး ပေါက်ခေါင်းမြို့နယ်မှာ တောင်ပြိုမှုဖြစ်ခဲ့

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့ အနောက်ဘက်က တောင်နဲ့မြောက်ကိုသွယ်တန်းထားတဲ့ တောင်ဇင်းဝတောင်တန်းငယ်ဟာ မိုးရွာသွန်းမှုများလို့ စက်တင်ဘာ ၁၂ ရက် ဒီနေ့ မနက် ၉ နာရီလောက်က လမ်းပေါ်ကို မြေပြိုကျခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ပေါက်ခေါက်မြို့နယ် ဝေဠုဝန်နဲ့ ဗောဓိကုန်းရွာကြား ပြည် - ပေါက်ခေါင်း - တောင်ငူ ကားလမ်းပေါ်ကို ပြိုကျခဲ့တာလို့ ဆိုပါတယ်။

“မြေပြိုကျပြီး သစ်ပင်ပါ လမ်းပေါ်လဲကျတာ။ ပရဟိတအဖွဲ့တွေ မီးသတ်တွေလာရှင်းသွားလို့ လမ်းကိုပြန်ပြီး အသုံးပြုနေပါပြီ။” လို့  ကိုယ်တိုင်မြင်တွေခဲ့သူ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

လဲကျတဲ့သစ်ပင်ကို ချိန်းဆောတွေဖြတ်ကာ ပြိုကျတဲ့မြေတွေကိုလည်း စက်ယန္တယားနဲ့ လာရောက်ရှင်းလင်းခဲ့ရာ အချိန်တနာရီခန့်ကြာပြုလုပ်ခဲ့ရပြီး မြေပြိုကျတဲ့အတွက် လူတိရိစ္ဆာန်နဲ့ အခြားအသုံးအဆောင်တွေတော့ ထိခိုက်မှုမရှိဘူးလို့  သူက ဆက်ပြောပါတယ်။

ပြိုကျတဲ့မြေဟာ ဖောကားတစီးစာလောက်သာရှိပြီး လဲကျတဲ့သစ်ပင်ဟာလည်း လုံးပတ် လီတာ ၂၀ ဝင်ရေသန့်ဗူးအရွယ်ခန့်လောက်သာရှိတယ်လို့ ဆိုပါတယ်။

ဒေသခံအမျိုးသားတဦးကလည်း အဲဒီတောင်ကျောကနေ နှစ်စဉ်မြေပြိုကျမှု အနည်းဆုံးနှစ်ကြိမ်ခန့် ဖြစ်လေ့ရှိပြီး တောင်ပြိုကျမှုဟာလည်း မိုးများစွာ ရွာသွန်းမှုကြောင့်ဖြစ်သလို လက်ရှိအချိန်မှာလည်း မိုးရွာနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ပေါက်ခေါင်းမြို့နယ်ဟာ ပြည်ခရိုင်အတွင်းမှာပါဝင်ပြီး ပဲခူးရိုးမအစပ်မှာတည်ရှိနေတဲ့ မြို့တမြို့ဖြစ်ကာ တမံအမြင့် ၁၄၀ပေ အလျား ၁၆, ၆၇၄ပေရှိတဲ့ တောင်နဝင်းဆည်လည်း တည်ရှိပါတယ်။

ပုံစာ - ပေါက်ခေါင်းမြို့နယ် တောင်ဇင်းဝတောင်တန်းမြေပြိုကျမှုကို ရှင်းလင်းနေမှုမြင်ကွင်း။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#ပဲခူး #ပေါက်ခေါင်း #ကားလမ်း #မြေပြို #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10