မုံရွာက စစ်မှုထမ်းဟောင်းတဦး ရှင်းလင်းခံရ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က စစ်မှုထမ်းဟောင်းတဦး ဖေဖေါ်ဝါရီလ ၂၇ ရက် မနေ့ကနေ့လယ်ပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။
မုံရွာမြို့နယ်၊ မြို့သစ်ရပ်ကွက်က အသက် ၅၀ နှစ်အရွယ် စစ်မှုထမ်းဟောင်း ဒုတပ်ကြပ်သန်းနိုင်ဆိုသူဖြစ်ပြီး၊ ဆိုင်ကယ်နဲ့တဦးတည်းလာချိန် နေ့လယ် ၁၂ နာရီလောက်မှာ မုံရွာလွှတ်တော်နဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် - နမခ ကြားအရောက် ၉ မမနဲ့ ၂ ချက်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ BHA အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ မပိုးပိုးကပြောပါတယ်။
"ပစ်ခတ်လိုက်တဲ့နေရာမှာပဲ အဲဒီလူတခါတည်းရှောသွားတယ်။ သူ့ဆီက သူ့ရဲ့စစ်မှုထမ်းဟောင်းကဒ်၊ သံပုရာသီး(ဗုံး)တလုံးနဲ့ ဖုန်းတလုံးသိမ်းဆည်းရမိခဲ့ပါတယ်။ ပြီးတော့သူက နခမရဲ့ လူယုံတယောက်လည်းဖြစ်တယ်။ နမခကို စားနပ်ရိက္ခာထောက်ပံ့သူလည်းဖြစ်တယ် " လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို Brave Heart Army - BHA၊မုံရွာ_ဗန္ဓုလနဲ့အဖွဲ့သားများ အဖွဲ့(၁)၊ Black Falcon မြို့တွင်းပျောက်ကျားတပ်ဖွဲ့နဲ့ SpecialForces-11PDF၊ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ကိုသန်းနိုင်ဟာ PDF တွေရဲ့လူပ်ရှားမူသတင်းကို ပေးနေသူဖြစ်တာကြောင့် စောင့်ကြည့်သုတ်သင်ခဲ့တာဖြစ်ပြီး၊ ဦးခေါင်းနဲ့ရင်ဘတ်ကို တချက်စီကျည်ထိမှန်ခဲ့ကာ နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့တာလို့လည်း မပိုးပိုးက ဆက်ပြောပါတယ်။
BHA အဖွဲ့ဟာ ဒေသတွင်းမဟာမိတ်တွေနဲ့ပေါင်းပြီး ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၂၆ ရက်မနက်ကလည်း မုံရွာမြို့နယ်၊ တောပုရွာအနီးက လယ်ကွင်းထဲမှာ ပဲနဲ့ဂျုံတွေရိတ်နေတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့လို့သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။
Share
Share
Share