မုံရွာမှာ စစ်တပ်က မီးကြိုးတွေဖြတ်တောက်ပြီး ပြည်သူတွေကို မီတာဆောင်ခိုင်း     ■ ၄ နှစ်စာလုံးရဲ့ မီတာခကို ပွဲစားခ ဈေးအမျိုးမျိုးပေးပြီး မီတာဆောင်နေရ

မုံရွာမှာ စစ်တပ်က မီးကြိုးတွေဖြတ်တောက်ပြီး ပြည်သူတွေကို မီတာဆောင်ခိုင်း  ■ ၄ နှစ်စာလုံးရဲ့ မီတာခကို ပွဲစားခ ဈေးအမျိုးမျိုးပေးပြီး မီတာဆောင်နေရ

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မီတာပုံးတွေ၊ မီးကြိုးတွေကို စစ်ကောင်စီက ဆက်တိုက်ဖြတ်တောက်ပြီး မီတာဆောင်ဖို့ ဖိအားပေးနေတာကြောင့် မြို့ခံပြည်သူတွေဟာ မီတာဆောင်နေရတယ်လို့ သိရပါတယ်။

အိုးဘိုတောင်၊ အောင်မင်္ဂလာ၊ အောင်ချမ်းသာ၊ ကွေ့ကြီး၊ ဘုရားကြီးရပ်ကွက်တွေမှာ အခုလို မီတာလာဆောင်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ လျှပ်စစ်ရုံးဝန်ထမ်းနဲ့ စစ်တပ်က ခိုင်းစေငှားရမ်းထားတဲ့ လူတချို့က ရပ်ကွက်အတွင်းက မီတာပုံးကို သွယ်တန်းထားတဲ့ မီးကြိုးတွေကို လိုက်ဖြတ်နေသလို နေအိမ်အနည်းစုမှာတော့ မီတာပုံးလိုက် ဖြုတ်ခံရတယ်လို့ ဆိုပါတယ်။

“လက်ရှိမြို့ခံတွေကတော့ မြင်တွေ့နေရတော့ ဖြတ်ခံရမှာတို့ ဘာတို့ ကြောက်လန့်ပြီး သွားဆောင်ကြတာတော့ မီတာရုံးမှာ နေ့တိုင်းလူတွေကတော့ အုန်းအုန်းထနေတာပေါ့။ ဆောင်ပေးခဆိုပြီး လုပ်ပေးတဲ့ အကျိုးဆောင်ခတွေကလည်း ဈေးအမျိုးမျိုးနဲ့ပေါ့။” လို့ မုံရွာဒေသခံတဦးက ပြောပါတယ်။

မီးကြိုးဖြတ်ချိန်မှာ နေ့စားနဲ့ ငှားထားတဲ့သူတွေက လိုက်ဖြတ်ပြီး မီတာဆောင်ဖို့လုပ်ချိန်မှာလည်း EPC ရုံးနဲ့ နီးစပ်သူတွေက ကြားပွဲစားအဖြစ် လုပ်ကိုင်ကာ မီတာ ၁ လုံးကို ၁ သောင်း၊ ၁ သောင်းခွဲ၊ ၂ သောင်းစတဲ့ ဈေး အစားစားနဲ့ ပွဲစားခပေးကာ မီတာဆောင်နေရတယ်လို့ ဆိုပါတယ်။

“ဘယ်သူမှတော့ ကျေနပ်လို့ သွားဆောင်ကြတယ်တော့ မဟုတ်ဘူးပေါ့ဗျာ၊ ကိုယ့်မီတာ လာဖြုတ်မှာစိုးလို့မို့သာ မဖြစ်မနေအရ သွားဆောင်ရတဲ့ သဘောမျိုးပေါ့။ ကျနော်တို့လည်း ဆောင်တာက မဆောင်ချင်ဘူးပေါ့။” လို့ မုံရွာဒေသခံတဦးက ပြောပါတယ်။

အရင်က မီတာဆောင်ဖို့ EPC ရုံးကိုသွားရပေမယ့် လက်ရှိမှာတော့ မုံရွာ အားကစားကွင်းထဲမှာ ပြောင်းရွှေ့ပေးဆောင်ရပြီး ဘေလ်ထုတ်တဲ့ဌာန (၄ နှစ်စာ ဘေလ်မဆောင်ရသေးတဲ့ ပမာဏကို စစ်ဆေးရန်နေရာ)၊ အရစ်ကျပေးဆောင်တဲ့ဌာန၊ ၄ နှစ်စာ အပြတ်ဆောင်တဲ့ဌာနဆိုပြီး နေရာ ၃ ခုခွဲကာ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“မီတာခ သိန်း ၇၀၊ ၈၀ ကျတဲ့ သူတွေက မပေးနိုင်လို့ ဖြုတ်ချင် ဖြုတ်ဆိုပြီး ငုတ်တုတ်နေကြတဲ့သူတွေလည်း ရှိပါတယ်။ တချို့လည်း အရစ်ကျဆောင်ပါ့မယ် ပြောတဲ့သူလည်း လက်ခံတယ်။ ခရိုနီသူဌေးအိမ်ပါ ဖြုတ်သွားတာ ရှိတယ်။” လို့ နောက်ထပ် မုံရွာဒေသခံက ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက်ကလည်း ဘုရားကြီးရပ်ကွက်ထဲက လူမနေတဲ့အိမ်ကို မီးကြိုးလာဖြုတ်ပြီး ဝါယာကြိုးတွေကို ပူးထားခဲ့တာကြောင့် ညဘက် ရှော့ဖြစ်ပြီး မီးလောင်ခဲ့သေးတယ်လို့ သိရပါတယ်။

ပြည်သူတွေအပေါ်  အနိုင်ကျင့် ငွေကြေးကောက်ခံနေတဲ့ လျှပ်စစ်ဝန်ထမ်းတွေ၊ အကောက်ခွန်ဝန်ထမ်းတွေနဲ့ ပတ်စ်ပို့ဌာနဝန်ထမ်းတွေကို မုံရွာမြို့နယ် ပလဖကတော့ ပစ်မှတ်ထား အရေးယူသွားမယ်လို့ နိုဝင်ဘာ ၂၉ ရက် ညပိုင်းမှာ သတိပေးစာ ထုတ်ပြန်ထားပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာမြို့ #မီတာပုံး #မီးကြိုး #မီတာခ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10