မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း လုပ်ငန်းစမယ်လို့ စစ်ခေါင်းဆောင်ပြော

မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း လုပ်ငန်းစမယ်လို့ စစ်ခေါင်းဆောင်ပြော

တရုတ်ပိုးလမ်းမကြီးစီမံကိန်းရဲ့တစိတ်တပိုင်းဖြစ်တဲ့ မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းကို စတင်အကောင်အထည်ဖော်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်ခရီးစဥ်မှာ ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ နိုဝင်ဘာ ၆ ရက် မနေ့က တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ တွေ့ဆုံစဥ်မှာ အဲ့ဒီလို ထည့်သွင်းပြောဆိုခဲ့တာကို စစ်ကောင်စီဘက်က မနေ့ကသတင်းထုတ်ပြန်လာတာပါ။

မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ်ဖောက်လုပ်ရေး စီမံကိန်းကို နယ်မြေအခြေအနေအရ စတင်ဖောက်လုပ်လို့ရတဲ့နေရာတွေမှာ လုပ်ငန်းစတင်မယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပြီး ဘယ်နေရာတွေမှာ စတင်မယ်လို့ ထုတ်ဖော်ပြောတာတော့ မရှိပါဘူး။

ဒီရထားလမ်းစီမံကိန်းကို ပြန်လည်စတင်ဖို့ တရုတ်ဘက်က ၂၀၂၁ ကတည်းကပြင်ဆင်နေတာဖြစ်ပြီး အဲ့ဒီနှစ် သြဂုတ်  ၂၅ ရက်မှာ ရှမ်းမြောက်ဒေသ နယ်စပ်မြို့ ချင်းရွှေဟော်ရဲ့တဖက်ကမ်း တရုတ်နိုင်ငံ၊ လင်ချင်းခရိုင်မှာ ရထားလမ်းသစ်ဖွင့်ပွဲကိုပြုလုပ်ခဲ့ပြီးတဲ့နောက် နယ်မြေမတည်ငြိမ်မှုတွေကြောင့် ရထားလမ်းစီမံကိန်းကိုရပ်တန့်ထားခဲ့ရာကနေ ယခုလိုပြန်လည်စတင်မယ့်အကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့တာပါ။

ဒီရထားလမ်းစီမံကိန်းဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ မြန်မာနယ်စပ် ရှမ်းမြောက်ဒေသကတဆင့် မန္တလေးကနေ ရခိုင်ကမ်းရိုးတန်း ကျောက်ဖြူအထိ ဖောက်လုပ်ဖို့ လျာထားတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။

ရထားလမ်းအဓိကဖြတ်သန်းမယ့် ရှမ်းပြည်မြောက်ပိုင်းဒေသတွေထဲမှာ မူဆယ်မြို့တမြို့တည်းကိုသာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားနိုင်ပြီး ကျန်ဒေသအများအပြားကို တိုင်းရင်းသားတော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတဲ့အပြင် ကျောက်ဖြူဆိပ်ကမ်းတည်ရှိတဲ့ ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး နယ်မြေအများအပြားကိုလည်း အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ အတွင်း ပြင်ဦးလွင်မြို့နယ်အတွင်း ရထားလမ်းဖောက်လုပ်မယ့်မြေနေရာတွေကို စစ်ကောင်စီတပ်က ကွင်းဆင်းစစ်ဆေးမှုတချို့ လုပ်ဆောင်ခဲ့ပေမယ့် ဖောက်လုပ်နိုင်တာမျိုးမရှိခဲ့ဘဲ ရထားလမ်းဖြတ်သန်းသွားမယ့် ပြင်ဦးလွင်မြို့က မြို့ခံတဦးကတော့ ရထားလမ်းပိုင်းစတင်ဖောက်လုပ်မယ်ဆိုတဲ့အပေါ် လုံးဝလက်ခံနိုင်စရာမရှိသလို ဖြစ်နိုင်စရာလည်းမရှိဘူးလို့ ဆိုပါတယ်။

ဒီရထားလမ်းဟာ မန္တလေး၊ ပုသိမ်ကြီးနဲ့ ပုလိပ်မြို့နယ်တွေကိုလည်း ဖြတ်သန်းသွားမှာဖြစ်ပြီး  မန္တလေးတိုင်းက တောင်သူအရေးလှုပ်ရှားသူတဦးက အခုလိုမှတ်ချက်ပေးပါတယ်။

" ရထားလမ်းစီမံကိန်းစရင်တော့ ဒီကာလမှာ စစ်တပ်က မြေကိုသိမ်းချင်သလို သိမ်းသွားမှာပဲ။ မြေယာလျော်ကြေးလည်း ပေးမှာမဟုတ်ဘူး။ တခုတော့ရှိတာပေါ့ နယ်ခံ PDFတွေရှိနေတော့ ဒါကိုသူတို့ စနိုင်မလားစောင့်ကြည့်ရမှာပဲ။" လို့ ပြောပါတယ်။

ဒီစီမံကိန်းဟာ တရုတ်အတွက် ရပ်ဝန်းနှင့် လမ်းမ မဟာဗျူဟာ စီမံကိန်း (BRI) ရဲ့အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို အိန္ဒိယသမုဒ္ဒရာ ထွက် ပေါက်လမ်းတခုဖြစ်ကာ ကျောက်ဖြူရေနက်ဆိပ်ကမ်းကတဆင့် အရှေ့အလယ်ပိုင်း ၊ အနောက်ဥရောပ နဲ့ အာဖရိကတို့အထိ ချိတ်ဆက်လမ်းကြောင်းအဖြစ် အသုံးပြုဖို့လုပ်ဆောင်နေတာပါ။

ဒီစီမံကိန်းဟာ တရုတ်နိုင်ငံတခုတည်းကို အကျိုးပြုတဲ့စီမံကိန်းဖြစ်ပြီး မြန်မာနိုင်ငံအတွက် အကျိုးနည်းတဲ့စီမံကိန်းတခုဖြစ်တယ်လို့  နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်မှုတွေလည်းရှိနေတာ ဖြစ်ပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မင်းအောင်လှိုင် #တရုတ် #မူဆယ်မန္တလေးကျောက်ဖြူ #ရထားလမ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10