မြစ်မခမြစ်ရေတက်ပြီး တံတားတံစင်းပျက်စီးသွားလို့ ရေဘေးသင့်သူတွေကိုကယ်ဆယ်ရေး အခက်တွေ့

မြစ်မခမြစ်ရေတက်ပြီး တံတားတံစင်းပျက်စီးသွားလို့ ရေဘေးသင့်သူတွေကိုကယ်ဆယ်ရေး အခက်တွေ့

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်မှာ မြစ်မခမြစ်ရေတက်လာတာကြောင့် ဒေသတွင်းအရေးပါတဲ့တံတားတစင်း ရေတိုက်စားပျက်စီးခဲ့လို့ ကူညီကယ်ဆယ်ရေးလုပ်သူတွေလည်း သွားလာရေးအခက်တွေ့သွားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

သာယာဝတီမြို့နယ်အနောက်ဘက် စံရွေးရွာနဲ့ ညောင်သာယာရွာကြားက အမှတ် ၂ တံတား ဖြစ်ပြီး  ဇူလိုင် ၂၆ ရက် မနေ့ညနေ ၆  နာရီလောက်က ရေတိုက်စားပျက်စီးသွားတာလို့ ပြောပါတယ်။

”အရင်ကတော့ ဆိုင်ကယ်တွေ ကားတွေ သုံးဘီးတွေနဲ့ ကယ်ဆယ်ရေးလုပ်လို့ ရတယ်။ ခုတော့ ‌စက်လှေသုံးပြီး ကယ်ဆယ်ရေးလုပ်နေရတာ။ လာလှူတဲ့ အလှူရှင်တွေ အခက်အခဲမဖြစ်အောင် ဒေသခံတွေနဲ့ပရဟိတအသင်းက ကူညီပေးနေတယ် “လို့  ဒေသတွင်းကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအသင်းဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။ 

ပျက်စီးသွားတဲ့တံတားဟာ သံဘောင်၊ သစ်သားနဲ့တည်ဆောက်ထားတဲ့ အရှည်ပေ ၁၂၀ ခန့်ရှိ ဘေလီတံတားအမျိုးအစားဖြစ်ပြီး တံတားရဲ့ အနောက်ဘက်ခြမ်း ပေ ၈၀ ခန့် ပျက်စီးသွားတာ ဖြစ်ပါတယ်။

အဲဒီတံတားပျက်စီးသွားတာကြောင့် သာယာဝတီမြို့နယ်အတွင်း ရေနစ်မြုပ်နေတဲ့ကျေးရွာတွေဖြစ်တဲ့ မာလကာကုန်း၊ ညောင်သာယာ၊ အသရော်၊ ကျောင်းကုန်း၊ အလယ်စု၊ ဘန့်ဘွေးကုန်း၊ နိဗ္ဗာန်ကုန်း၊ သက်ကယ်ကုန်းစတဲ့ရွာတွေက ရေဘေးသင့်ပြည်သူတွေအတွက် ကူညီကယ်ဆယ်ဖို့ အခက်တွေ့သွားတာလို့ ဆိုပါတယ်။

ဒေသခံတဦးကလည်း အဆိုပါတံတားဟာ ဒေသတွင်းအပြင် ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်နဲ့ လယ်ယာထွက်ကုန်တွေ ကူးသန်းရောင်းဝယ်နေကြတာလို့ ဆိုပါတယ်။

“ဒီတံတားကနေ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းက ဒေသခံ‌တွေ ကူသန်းရောင်းဝယ်ကြတာပါ။ ဒီတံတားမရှိရင် လယ်ယာထွက်ကုန် စပါး၊ ပဲ၊ နှမ်းတွေ ရောင်းဝယ်လို့အဆင်မပြေတော့ဘူး။ ကျန်းမာရေးကအစ ဒီလမ်းကိုအသုံးပြုနေကြတာ။ ရေကျသွားရင် အမြန်ဆုံးပြန်ပြင်ပေးစေချင်ပါတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

မြစ်မခမြစ်ရေဟာ ဧရာဝတီမြစ်ရေဆန်တက်တာ ပဲခူးရိုးမကစီးဆင်းတဲ့တောင်ကျရေနဲ့ ကွင်းရေအပြင် ဒေသတွင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မြစ်ရေလျှံကာ ရေကြီး၊ရေလျှံမှုတွေ ဖြစ်ပေါ်တာဖြစ်ကြောင်း သိရပါတယ်၊။

ယမန်နှစ်ကလည်း  မြစ်မခရေတက်ပြီး ရေတိုက်စားလို့  အဲဒီတံတားရဲ့အရှေ့ဘက်ခြမ်း ပျက်စီးခဲ့ပါသေးတယ်။

ပုံစာ - ကျိူးပျက်သွားသည့် စံရွေးရွာနှင့် ညောင်သာယာရွာကြားက အမှတ် ၂ တံတား။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#သာယာဝတီ #ဘေလီတံတား #ရေဘေး #ကျိုးကျပျက်စီး #ရေကြီးရေလျှံမှု #သဘာဝဘေး #မြစ်မခမြစ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10