မြစ်ရေတက်မှုကြောင့် ပန်းတောင်းနဲ့ မိုးညိုနယ်က နေအိမ်တွေနဲ့ စိုက်ခင်းဧက ၁ သောင်းနီးပါး ရေနစ်မြုပ်နေ

မြစ်ရေတက်မှုကြောင့် ပန်းတောင်းနဲ့ မိုးညိုနယ်က နေအိမ်တွေနဲ့ စိုက်ခင်းဧက ၁ သောင်းနီးပါး ရေနစ်မြုပ်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ဧရာဝတီမြစ်ကမ်းတလျောက်ရှိ ပန်းတောင်းမြို့နယ်နဲ့ မိုးညိုမြို့နယ်အတွင်းက ကျေးရွာအချို့ကို ဧရာဝတီမြစ်ရေတက်လာပြီး နေအိမ်တွေနစ်မြုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပန်းတောင်းမြို့နယ်က ကြခတ်ရပ်ကွက်၊ သူရဲတန်းရွာ၊ သောင်ကြီး၊ ပဲကြီးအင်းနဲ့ ငါးမျက်နှာ၊ ပျဉ်ကြီးရွာ နဲ့ မိုးညိုမြို့နယ်အနောက်ခြမ်းက ထုံးကြီးကုန်း၊ မကျီးကုန်း၊ တောင်ရွာဖျား၊ ဖန်ခါးပင်စတဲ့ ကျေးရွာတွေမှာ ရေဝင်ရောက်နေတာလို့ ဆိုပါတယ်။

“ကျနော်တို့ရွာက အမြင့်ဆုံးကို မနေ့ညက ရေဝင်လာတာ။ အခု ရေက ခါးစောင်းလောက်ကိုရှိတယ်။ အခုအိမ်အပေါ်ထပ်မှာ နေနေရတယ်။ ကျောင်းတွေလည်း ပိတ်ထားရတယ်။” လို့ မိုးညိုမြို့နယ်ရှိ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။ 

ဧရာဝတီမြစ်ရေဟာ ပန်းတောင်းမြို့နယ်ထဲကို ဇူလိုင် ၁၂ ရက်ကတည်းက ပြည်မြို့နယ်နဲ့အတူ စတင်ဝင်ရောက်လာကာ မိုးညိုမြို့နယ်မှာတော့ ဇူလိုင် ၁၀ ရက် ဝန်းကျင်ကစတင်ကာ ရေဝင်‌နေခဲ့တာ ဖြစ်ပါတယ်။ 

“ရေဝင်တဲ့ရက်က အတိအကျပြောရခက်တယ်။ တနေရာနဲ့ တနေရာမတူဘူး။ ဒီမနက်(ဇူလိုင် ၁၄) ကတော့ အခြေနေဆိုးလာတယ်။ မြို့ပေါ်ကရဲစခန်းတွေ၊ ထွေအုပ်ဝန်းတွေထဲပါ ရေဝင်တာ။“ လို့ ပန်းတောင်းမြို့ခံတဦးက ပြောပါတယ်။ 

အလားတူ ပန်းတောင်းမြို့နယ်၊ ထုံးဘိုအုပ်စုနေသူတဦးကလည်း ဧရာဝတီမြစ်‌ရေဟာ ဇူလိုင် ၁၄ ရက် ဒီ‌ညနေအထိ ဆက်လက်တက်နေဆဲဖြစ်ပြီး လူနဲ့တိရိစ္ဆာန်တွေတော့ ထိခိုက်မှုမရှိသေးဘူးလို့  ဆိုပါတယ်။

အဆိုပါကျေးရွာတွေမှာ နေအိမ်တွေနဲ့အတူ ကျေးရွာရှိစိုက်ခင်းတွေလည်း ရေနစ်မြုပ်နေကာ နှစ်မြို့နယ်ပေါင်း ခန့်မှန်း ဧက ၁ သောင်းဝန်းကျင်လောက်ရှိတယ်လို့လည်း သိရပါတယ်။ 

“စပါးခင်းတွေ နှမ်းခင်းတွေလည်း ရေနစ်နေတာတွေရှိတယ်။ ပျက်စီးဆုံးရှုံးမှုကတော့ ရေမြုပ်ရက်ပေါ်ပဲ မူတည်မယ်။”လို့ ပန်းတောင်းမြို့ခံတဦးက ပြောပါတယ်။

လက်ရှိအချိန်ထိလည်း ရေက မြင့်တက်နေဆဲဖြစ်တာကြောင့် ဒေသခံတွေလည်း ဘေးလွတ်တဲ့ နေရာတွေမှာ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာတွေလည်း လိုအပ်နေလျှက်ရှိနေတယ်လို့ သိရပါတယ်။ 

ပုံစာ - မိုးညိုနဲ့ ပန်းတောင်းမြို့နယ်က ရေဝင်ရောက်မှုမြင်ကွင်းများ။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မိုးညို #ပန်းတောင်း #ရေနစ်မြုပ် #စိုက်ခင်း #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10