မြိုင်မှာ စစ်တပ်က ရွာကိုမီးရှို့ပြီး စိတ်ကျန်းမာရေးချို့တဲ့သူတဦးကို ပစ်သတ်

မြိုင်မှာ စစ်တပ်က ရွာကိုမီးရှို့ပြီး စိတ်ကျန်းမာရေးချို့တဲ့သူတဦးကို ပစ်သတ်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်အုပ်ရွာကို စစ်ကောင်စီတပ်သားတွေက ဧပြီလ ၉ ရက်မှာ မီးရှို့ဖျက်စီးခဲ့ပြီး၊ စိတ်ကျန်းမာရေးချို့တဲ့သူ တဦးကိုလည်း သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
 
မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်သားအင်အား ၄၀ ကျော်ဟာ မနေ့ည ၇ နာရီလောက်မှာ ညောင်အုပ်ရွာကိုဝင်ရောက် မီးရှို့ခဲ့ပြီးနောက် အဲ့ဒီရွာကိုရောက်နေတဲ့ သဲကြီးရွာက စိတ်ကျန်းမာရေးချို့တဲ့သူ အသက် ၃၉ နှစ်အရွယ် ကိုအောင်ဇော်လင်းကိုပါ သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ Pnlhoenix Ranger PDFရဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
"ဘာတိုက်ပွဲမှမရှိပဲ တမင်သက်သက်လာပြီး မီးရှို့သွားတာ။ အိမ်ခြေတရာလောက်ရှိတာကို ၃ ပုံ ၁ ပုံလောက်ပါသွားတယ်။ ပထမဆုံးမီးရှို့ခံရတာပဲ။ သဲကြီးရွာက စိတ်မနှံ့တဲ့ အကိုတယောက်ကိုလည်း ညောင်အုပ်ရွာမှာပဲ ဦးခေါင်းတေ့ပစ်သွားတာ"လို့ ပြောပါတယ်။
 
အဲ့ဒီစစ်ကောင်စီတပ်သားတွေကို ရဟက်ယာဥ် ၄ စီးနဲ့ ညောင်အုပ်ရွာအနီးမှာ လာချခဲ့တာဖြစ်ပြီး၊ ရွာကိုမီးရှီု့ပြီးချိန် ည ၁၂ နာရီလောက်မှာတော့ ရဟက်ယာဥ်တွေနဲ့ပဲ ပြန်ခေါ်သွားတယ်လို့ Pnlhoenix Ranger PDFရဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ခုလိုမီးရှို့လို့ ညောင်အုပ်ရွာက နေအိမ် ၂၉ လုံးမီးလောင်ပျက်စီးပြီး၊ လက်ရှိမှာ ဒေသခံ ၁၅၀ လောက်က နွားလှည်းတွေပေါ်မှာ ယာယီအမိုးမိုးကာ နေထိုင်နေကြသလို အချို့ကလည်း ကျေးရွာစာသင်ကျောင်းထဲမှာ နေထိုင်နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၈ ရက်ကလည်း မြိုင်မြို့နယ်တောင်ပိုင်း၊ အိုင်းမ(အနောက်)ရွာကို စစ်တပ်ကမီးရှို့ခဲ့လို့ နေအိမ် ၁၈ လုံးမီးလောင်ပျက်စီးခဲ့ရပါသေးတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10