“မြို့သစ်ဘူတာထဲက ညီအကိုနှစ်ယောက်” (ရသစာတမ်း)

“မြို့သစ်ဘူတာထဲက ညီအကိုနှစ်ယောက်” (ရသစာတမ်း)

 

ရထားနောက်ဆုံးတွဲက ဂါတ်ဗိုလ်ဟာ ဝစီကိုဆူညံကျယ်လောင်စွာနဲ့ ဆွဲဆွဲငင်ငင်မှုတ်လိုက်ပြီး ရထားကို ထွက်ခွါဖို့ အချက်ပေးလိုက်ပါတယ်။ တပြိုင်နက်တည်းလိုလို လက်ထဲက အလံကိုလည်း မိုးရေကြားထဲကပဲ ဝှေ့ယမ်းပြလိုက်တယ်။ မရှေးမနှောင်းမှာပဲ ရပ်တန့်ထားတဲ့ စာပို့ရထားဟာ မြို့သစ်ဘူတာထဲကနေ တလိမ့်ချင်း နှေးနှေးမောင်းရာကနေ တဖြေးဖြေးမြန်လာပြီး အဝေးကိုထွက်သွားပါတော့တယ်။ 

မိုးလည်း ဖွဲဖွဲရွာနေရာကနေ ပိုသည်းလို့။ ဘူတာပလက်ဖောင်းပေါ်က  မိုးရေတွေရွှဲရွှဲစိုနေတဲ့ သေးသေးကွေးကွေး ဆယ်ကျော်သက်ညီအကိုနှစ်ယောက်နဲ့ ကြီးမားလှတဲ့မု့န်ခြင်းကြားတောင်းကြီးကို ဘယ်သူမှ သတိမမူမိကြဘူး။ အိမ်သာသာ သစ်သားဘူတာရုံထဲက လက်မှတ်ရောင်းစာရေးကလည်း တချက်သာလှည့်ကြည့်ပြီး လက်မှတ်ရောင်းတဲ့ အပေါက်ကို ခပ်ကြမ်းကြမ်းဆွဲပိတ်လိုက်ပါတယ်။

ဘူတာရုံလေးကလေးဟာ လွန်ခဲ့တဲ့မိနစ်ပိုင်းက ပျားပန်းခတ်ရှုပ်ထွေးအော်ဟစ်ခဲ့ပေမယ့် သူမဟုတ်တော့သလို မိုးရွာနေသံကလွဲလို့ ရထားကြိုသူ ကုန်ပို့သူတွေအားလုံးရှင်းလင်းသွားခဲ့ပြီ။ ဆယ်ကျော်သက် ညီအကိုနှစ်ယောက်ကတော့ မမီလိုက်တဲ့ရထားကို ခံပြင်းဒေါသထွက်ရင်း အမည်မဖော်နိုင်တဲ့ ပူလောင်စိုးရိမ်စိတ်တွေ ကြီးထွားလာနေတယ်။ ပူပန်မှုကနေ လျှံကျလာတဲ့ မျက်ရည်တွေဟာ ညီအငယ်ဖြစ်သူရဲ့ မျက်နှာပေါ်မှာ မိုးရေစက်တွေနဲ့ ရောနှော ခုန်ဆင်းသွားတယ်။ 

ပလပ်စတစ်မိုးကာအပြာရောင်အုပ်မိုးထားပေမယ့် သည်းနေတဲ့မိုးရေကြောင့်ပဲ ဝါးနှီးခြင်းကြားကြီးထဲက မုန့်တချို့ကတော့ မိုးစိုလို့ ပျက်စီးသွားကြပြီ။ အဲဒီခြင်းကြားကြီးကိုပဲ ဝါးထမ်းပိုးလျှိုပြီး ဆယ်ကျော်သက် ညီအကိုနှစ်ယောက်ဟာ ရှေ့တယောက် နောက်တယောက်ထမ်းလို့ မိုးရွာထဲမှာပဲ ဘူတာရုံလေးကို ကျောခိုင်းလိုက်ကြ ပါတော့တယ်။ 

အဲဒီနေ့က မုန့်ရောင်းတဲ့ ညီအကိုနှစ်ယောက် စာပို့ရထားနဲ့ ပါမသွားကြဘူးဆိုတာ ကျောက်တွဲက ကုန်စိမ်းသည်တချို့နဲ့ ညီအကိုနှစ်ယောက်ကလွဲရင် ဘယ်သူမှ မသိလိုက်ကြဘူး။ ဘယ်သူမှလည်း သတိမထားမိလိုက်ကြပါဘူး။ နောက်နှစ်ပေါင်းများစွာကြာအောင်လည်း ဘယ်သူမှ မသိကြသတိမထားမိကြဘူးလို့ ဆိုရမယ်။ ဒါဟာကမ္ဘာကြီးအတွက် အရေးကြီးတဲ့အဖြစ်အပျက်လည်း မဟုတ်ဘူးမလား။ 

ဒီအကြောင်းကို အခုကျနော်ပြန်မပြောပြခင်အထိ ဘယ်သူမှသိကြမှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီညီအစ်ကိုနှစ်ယောက်မှာ အကိုဖြစ်သူ ဆုံးပါးသွားတဲ့အခါ ပြန်ပြောပြဖို့ ညီဖြစ်တဲ့ ကျနော်ပဲရှိတယ်။ အဲဒီနေ့က အဖြစ်အပျက်ကို ပြောပြဖို့ ကျနော်ဆုံးဖြတ်ပြီး အခုစာကိုရေးလိုက်ပါတယ်။

 

၁။

အဲဒီနေ့က မိုးရေစက်တွေဟာ ပိုလို့နာကျင်စပ်ဖျင်းတယ်လို့ ခံစားရတယ်။ ဘူတာထဲမှာ ကျန်ခဲ့ရတဲ့ အဖြစ်ကြောင့်လား၊ ပျက်စီးသွားတဲ့မုန့်တွေကြောင့်လား၊ ကလေးတယောက်ရဲ့ ရှက်စိတ်လား၊ မအောင်မမြင်နဲ့ အိမ်ပြန်လမ်းကြောင့်လား ကျနော်သေချာမဝေခွဲတတ်ခဲ့ဘူး။ ငိုချင်ခဲ့တယ်။ ငိုခဲ့တယ်။ ကျနော်က နည်းနည်းတော့ ပျော့ညံ့တယ်။ 

ပြောရရင် ဘူတာထဲက မီးရထားသံလမ်း ဇလီဖားတုံးနားမှာကပ်ပေါက်နေတဲ့ ထိကရုန်းပင်လေးတွေလောက်တောင် မမာကျော၊ မရှင်သန်နိုင်သူပါပဲ။ ထိကရုန်းပင်တွေက မီးရထားသံလမ်းနဲ့ကပ်လျက်ပေါက်တယ်။ သံလမ်းပေါ်ကိုကျော်သွားတဲ့အခါ ရထားသံဘီးက ဖြတ်ကြိတ်သွားတာပဲ။ နောက်ရက်ရောက်တော့ သူတို့ ထပ်ထွက်လာပြန်တာပဲ။ 

အဲဒီလိုနဲ့ ရထားသံဘီးတွေတခုပြီးတခု တက်ကြိတ်သွားကြတယ်။ ရထားတွေတစီးပြီးတစီး ဖြတ်သွားတယ်။ ဘူတာဟာ ဆူညံလိုက်၊ တိတ်ဆိတ်လိုက်။ လက်မှတ်အရောင်းစာရေးရဲ့ လက်မှတ်တံဆိပ်တုံးထုသံ တဒုန်းဒုန်ဟာ နံနက်ခင်း ၅ နာရီကနေစကြားရတယ်။ ဘူတာရုံရဲ့ရှေ့မှာ ထင်ရှားပင်မွဲခြောက်ခြောက် လေးပင်လောက် တန်းစီပေါက်နေတယ်။ ဆောင်းတွင်းဆို ထင်းရှူးပင်ရွက်ချွန်ဖျားတွေကနေ နှင်းစက်လေးတွေ တွဲလွဲခိုနေကြတယ်။ နွေရာသီဆို ထင်ရှူးပင်အောက်က သဲမြေပွတွေ ဖုန်ထလာတတ်တယ်။ မိုးရာသီဆိုရင်တော့ မိုးရေစက်လက်နဲ့ ထင်ရှူးပင်တွေကြားကပဲ လက်မှတ်တံဆိပ်တုံးထုသံ တဒုန်းဒုန်းဟာ အချိန်မှန်မှန်ပဲ ထွက်ပေါ်နေလေ့ရှိတယ်။ 

ဘူတာရုံက အမည်ခံထားတယ်ဆိုရုံလောက်ပဲ။ သုံးပင်အိမ်သာသာ ခြေတံစိုက် သစ်သားနဲ့ အုတ်ကြွပ်မိုး အလုံပိတ်အိမ်ကလေးပါပဲ။ လက်မှတ်ရောင်းတဲ့ ပြတင်းပေါက်ရယ်။ လက်မှတ်တန်းစီဝယ်လို့ရတဲ့ ဝရံတာလေးနဲ့ ဘူတာကြီး-မြို့သစ်-မှော်ဇာ ဆိုပြီး အဖြူရောင်နဲ့ အနက်ရောင်ရောစပ်ရေးထားတဲ့ သစ်သား ဘုတ်ပြားတခု ဒီလောက်ပဲ။ ရထားဆိုက်ရောက်ကာနီးကလွဲရင် အမြဲတစေပိတ်ထားတယ်။

သူရှေ့ဓါးလွယ်ခုတ်မှာတော့ မြို့သစ်ဘူတာဆိုပြီး သစ်သားဘုတ်တခု၊ မြေစိုက်စျေးဆိုင်လေး။ နံနက်ခင်းဆို အစောဆုံး ၃ နာရီကနေစပြီး ဖွင့်ထားတယ်။ မုန့်ဟင်းခါး၊ အသုပ်၊ လက်ဖက်ရည်၊ ကော်ဖီမစ်၊ အကြော်၊ အီကြာကွေးပျော့တွဲတွဲနဲ့ စမူဆာ ဒီလောက်ပဲ။ သစ်သားခွေးခြေပုလေးတွေရှိတယ်။ ကွမ်းယာခုံလေးရှိတယ်။ ကျပ်ခိုးဆွဲနေတဲ့ မီးဖိုချောင်မဲမဲ လူမွဲမွဲတွေပဲ။ ခရီးသည်တွေကလည်း အဖြစ်ထိုင်တယ်ဆိုရုံလောက်ပဲ။ လူမွဲတွေပဲ။ ကုန်စိမ်းသည်တွေကတော့ အဲ့ဆိုင်မှာ ပစ္စည်းအပ်အပ်ထားတတ်ကြတယ်။ တခါတလေ ရထားမလာတတ်တဲ့နေဆို သူတို့ ကုန်စိမ်းတွေကို အဲဒီစျေးဆိုင်လေးမှာ ထားခဲ့တာပေါ့။

မြို့သစ်ဘူတာရဲ့ရှေ့ ရထားလမ်းတဘက်မှာ ၉၅၉ စစ်တပ်၊ ဘူတာရဲ့ဘယ်ဘက် မနီးမဝေးမှာ မြို့သစ်စျေး၊ ညာဘက်မှာတော့ ဒေသန္တရာဆေးခန်းနဲ့ အ.ထ.က(၅) ကျောင်းရှိတယ်။ ဘူတာပတ်ဝန်းကျင်ဟာ လမ်းရဲ့ အနိမ့်ပိုင်းဖြစ်လို့ မိုးအခါဆို တောင်ကျရေနဲ့ မြို့သစ်က ဆင်းလာတဲ့ မိုးရေတွေနဲ့အတူ အမှိုက်ပေါင်းစုံဟာ မျောလာပြီး ဘူတာတဝိုက်မှာ သောင်တင်ကျန်ခဲ့တယ်။ 

စျေးထဲကအမှိုက်တွေကလည်း ဘူတာမှာ ပုံနေတာပဲ။ မလာတာများတဲ့ စည်ပင်ကားအမှိုက်တွေကလည်း ဘူတာတဝိုက်မှာ ပြည့်နေတာပဲ။ လမ်းသွားလမ်းလာပြတ်လို့ မှောင်ရိပ်ခိုပြီး အပေါ့အလေးစွန့်သူတွေနဲ့လည်း လမ်းဟာ မိုင်းကွင်းကိုဖြတ်နေရသလိုပဲ။ အဲဒီဘူတာသွားရာလမ်းဘေးမှာပဲ သစ်သားလိုင်းခန်းတွဲလေးတွေနဲ့ လူတွေနေကြတာပဲ။ ဖယောင်းတိုင်မီးယိမ်းယိမ်း၊ ဘထ္တရီမီးမှိန်မှန်နဲ့။ 

လမ်းပန်းဆက်သွယ်ရေးစနစ်တွေနဲ့ ကုန်စည်စီးဆင်းမှုတွေက ရထားနဲ့ အလုပ်ဖြစ်နေဆဲ ကာလတွေမို့ လူတွေနဲ့ ကုန်တွေဟာ အဲဒီအမှိုက်တွေ အညစ်ကြေးတွေကိုဖြတ်လို့ ဘူတာရှိရာ လာကြတာပဲ။ တခါတလေလည်း အမှိုက်ပုံတွေကြားထဲက ယိုင်နဲ့နဲ့ဖြစ်နေတဲ့ "အမှိုက်မပစ်ရ" သစ်သားဘုတ်လေးကို လူတွေက တိုက်တဲ့အခါတိုက်၊ ကျော်တဲ့အခါကျော်ပြီး ဘူတာရုံကိုလာကြပြန်တာပါပဲ။ တခါတလေလည်း အမှိုက်လိုလူတွေ လူညစ်တွေ ဘူတာမှာရှိနေတာပဲ။

အဲဒီလို ဘူတာရုံငယ်လေးတွေဟာ ရန်ကုန်-ပြည် ရထားလမ်းတလျှောက် အများအပြားပါပဲ။ တချို့လည်း ဘူတာရုံဟောင်းလေးတွေပဲရှိပြီး အသုံးပြုသူမရှိတော့ဘူး။ ရထားတွေကလည်း မရပ်ကြတော့ဘူး။ မရပ်တဲ့ ရထားတွေကိုတော့ ရွာတွေနဲ့ မြို့အစွန်တွေက ကလေးတွေက ပျော်ရွှင်စွာနဲ့ လက်တပြပြ။

 

၂။

ရထားတွေကတော့ အချိန်မှန်မရှိပါဘူး။ စောတယ်ဆိုတာလည်း မရှိဘူး။ အမြဲတမ်း နောက်ကျနေတတ်တယ်။ အထအသွားနှေးကွေးတဲ့ သက်ကြီးရွယ်အိုတယောက်လိုပဲ။ ရထားတွေကလည်း အအိုအဟောင်းတွေ။ 

နံနက် ၄ နာရီဝန်းကျင်မှာ လော်ကယ်(ကုန်တင်)ရထားက ပြည်ကထွက်တယ်။ နံနက် ၅ နာရီခွဲဝန်းကျင်မှာတော့ စာပို့ရထားဟာ ပြည်ဘူတာကြီးကနေ ထွက်ပြီး ညနေ ၅ နာရီဝန်းကျင်မှာ စာပို့ရထား ပြည်ကိုပြန် ဆိုက်ရောက်တယ်။ ကားရထားကတော့ ပြည်ကို နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဆိုက်ပြီး၊ နေ့လယ် ၂ နာရီဝန်းကျင်မှာပြန်ထွက်တယ်။ ရန်ကုန်-ပြည် အမြန်ရထားက ည ၈ နာရီမှာ ပြည်ကိုဆိုက်ပြီး ည ၁၀ နာရီမှာပဲ ရန်ကုန်ကို ပြန်ထွက်တယ်။

ဒါဟာ သူတို့သတ်မှတ်ချက်ပဲ။ တချို့ခရီးသည်တွေက “မမ”ဆိုတာကိုရွှတ်နောက်နောက်နဲ့ ခေါ်ကြတယ် “မြင်မှမီးရထား” တဲ့။ များသာအားဖြင့်တော့ မိုးရာသီဆို ရထားသံလမ်းတွေ ရေကျော်လို့ ရထားတွေ အမြဲနောက်ကျတတ်တယ်။ တခါတလေဆို ရက်တောင်ကူးတယ်။ ဒါမှမဟုတ်လည်း ရထားဘီးချော်လို့ နောက်ရထားတွေက စောင့်ရလို့လည်း နောက်ကျတတ်တယ်။ ကြာလာတော့ ကျနော်တို့ ရထားစီးခရီးသယ်တွေဟာ နောက်ကျခြင်းမှာ အသားကျလာတတ်ကြတယ်။ ရောက်တဲ့အချိန် ကိုယ့်အချိန်လို့ သည်းခံစိတ်တွေ မြင့်လာကြတယ်။

ကျနော်တို့ ဆယ်ကျော်သက်အရွယ် ၉၅ ခုနှစ်နဲ့ ၂၀၀၀ ခုနှစ်ကြားမှာ အဲဒီရထား ၄ စီးပဲ ပြည်ကနေ အသွားအပြန်လုပ်တယ်။ ရန်ကုန်-ပုဂံရထားနဲ့ ပြည်-နေပြည်တော်ရထားတွေ မပေါ်သေးဘူး။ ကျနော်တို့လို အနီးအနားမှာ ကုန်ရောင်းကုန်ဝယ်လုပ်ကြသူတွေအတွက် စာပို့ရထားဟာ အားကိုးရတယ်။ စာပို့ရထားမှာ လူစီးတွဲနဲ့ ကုန်တွဲအပြင် ကျောက်တွဲလို့ခေါ်တဲ့ မီးရထားလမ်းခင်းကျောက်နဲ့ စကျင်ကျောက်တွေသယ်လို့ရအောင် အမိုးနဲ့ အတွဲတဝက်လောက်ကို ဟင်းလင်းဖွင့်ထားတဲ့ သံဘော်ဒီတွဲ ၂ တွဲ ၃ တွဲလည်းပါတတ်တယ်။ 

အဲဒီတွဲတွေမှာ များသောအားဖြင့် ကုန်စိမ်းသည်တွေ၊ အလဲသည်တွေနဲ့ ခေါင်းရွက်ဗျက်ထိုးစျေးသည်တွေ များတယ်။ လူ့နွမ်းပါးတွေပေါ့။ များသောအားဖြင့် ကုန်တန်ဆာခရှောင်ချင်တာ၊ လက်မှတ်မဝယ်နိုင်တာနဲ့ ခိုးစီးတွေ လိုက်ပါလေ့ရှိတယ်။ အဲဒီအတွဲမှာ ကျနော်တို့ ညီအစ်ကိုနှစ်ယောက်နဲ့ မုန့်ခြင်းတောင်းခြင်း လိုက်ပါလေ့ ရှိတယ်။ 

စာပို့ရထားနဲ့ ကုန်စိမ်းခေါက်ပြန်ကောက်ရောင်းတဲ့ မြို့သစ်ထဲက ခပ်ဝဝ အဒေါ်ကြီးက ကျနော်တို့ ညီအကိုနှစ်ယောက်ကို သူကောင်းကောင်းသိတယ်။ နာမည်တွေမခေါ်တော့ဘူး။ သူခေါ်လေ့ရှိတာက “ခင်မောင်မြင့်သားတွေ” အဲ့လိုခေါ်တယ်။ ကုန်စိမ်းရောင်းရတဲ့ သူတွေအတိုင်း စိတ်ရင်းကောင်းပေမယ့် အသံကျယ်ကျယ် လက်မြန်မြန်၊ စိတ်မြန်မြန်ပဲ။ လွယ်အိတ်ကိုစလွယ်သိုင်းပြီး ထမိန်တိုတိုနဲ့ ရထားလာပြီဆို ကျနော်တို့ ညီအကိုနှစ်ယောက်ကိုပါ တွန်းထိုးပြီး တင်ပေးတယ်။ ပါးစပ်ကလည်း အော်ဟစ်ပြီးဆဲဆို ဆွဲလွဲပစ်တင်တာပဲ။ ရထားပေါ်ရောက်ရင်တော့ ကျနော်တို့ညီအကိုနှစ်ယောက်ကို ပြုံးစိစိနဲ့ ကြည့်ပြီး “ဒီ..ခင်မောင်မြင့်သားနှစ်ယောက်ကတော့လေ......” ဆိုပြီး အဒေါ်ကြီးက ကရုဏာသက်နေတတ်တယ်။

 

 

၃။

ဟုတ်တယ်အဖေနာမည်က ခင်မောင်မြင့်။ တောရောမြို့သစ်မှာပါ အဖေ့ကို လူသိများတယ်။ အဖေက အချိန်ကာလတခုမှာ နယ်မြို့လေးတွေက ရွာမုန့်ဆိုင်တွေကို မုန့်ဖောက်သည် လိုက်ပို့တဲ့အလုပ်ကို လုပ်ခဲ့တယ်။ ကျနော်တို့ ညီအကိုနှစ်ယောက်က ဆယ်ကျော်သက်နည်းနည်းလေးစွန်းတော့ အဖေ့အလုပ်ကို ကျောင်းပိတ်ရက်တွေမှာ ကူလုပ်ကြတယ်။ ကလေးစားစရာ မုန့်မျိုးစုံဖြစ်တဲ့ ငါးမု့န်၊ တို့ဟူးကြော်၊ ပေါင်မုန့်၊ ကိတ်မုန့်၊ အချဉ်ပေါင်း၊ နှမ်းယို၊ မြေပဲယို၊ မုန့်ကြိုးလိမ်နဲ့ တခြား ကလေးတွေစိတ်ဝင်စားတတ်တဲ့ အရုပ်နဲ့မုန့်တွေကို ခြင်းကြားကြီးထဲထည့်ပြီး စက်ဘီးတို့ ရထားတို့နဲ့ ပို့တာပေါ့။ 

ခြင်းကြားကြီးက ဝါးကြောနဲ့ရက်ထားတဲ့ ခြင်းကြားကြီး။ အမြင့် နှစ်ပေခွဲလောက်နဲ့ လက်ကြီးနှစ်ယောက်ဖက်စရာ အကျယ်အဝိုင်းကြီးရှိတယ်။ မုန့်တွေထည့်လိုက်တဲ့အခါ လူကြီး နှစ်ယောက်လောက်မမှ ကြွတယ်။ ဝိတ်ပါတဲ့မုန့်တွေထည့်ထားတဲ့နေ့ဆို မစားသာဘူး။ စက်ဘီးနဲ့ ပို့ရမယ်ဆိုရင်တော့ သစ်သားကယ်ရီယာပေါ်တင် ကြိုးတွေနဲ့တုပ်ပြီး ဝါးထောက်တွေနဲ့ ထောက်ရတယ်။ ရထားနဲ့ သွားမယ်ဆိုရင်တော့ ဝါးထမ်းပိုးလျှိုပြီး ရှေ့တယောက်နောက်တယောက်ထမ်းပြီး သွားကြတယ်။ နှစ်မျိုးစလုံးသုံးပြီး ကျနော်တို့ မုန့်ပို့ရင်း မိဘကူခဲ့ကြတယ်ပေါ့။

အဲဒီလိုနဲ့ အဖေမုန့်ပို့တဲ့ ရွာတွေကော မုန့်ယူတဲ့ မုန့်ဖိုလက်ကားဆိုင်ကြီးတွေကပါ ကျနော်တို့ကို “ခင်မောင်မြင့်သားတွေ” ဆိုပြီးလူသိကြတယ်။ အဖေက ပြည်က မုန့်တွေကို ဆင်မြီးဆွဲမြို့နဲ့၊ သဲကုန်း၊ ဝက်ထီးကန်တို့ကို ပို့ပြီးရောင်းခဲ့တယ်။ ပင်ပန်းတဲ့အလုပ်ဆိုပေမယ့် အဲဒီအချိန်က တရက်မုန့်ပို့တယ်ဆို မိသားစု ငါးယောက် ၃ ယောက်လောက် စားလို့ရတယ်။ အနည်းအကျဉ်းပိုလို့ စုဆောင်းပြီး ဝယ်သင့်တာလေးတွေလည်း ဝယ်ခဲ့တယ်။ ရပ်ကွက်ထဲမှာ တီဗီဝယ်နိုင်တဲ့သူရှားပါးတဲ့ခေတ်မှာ အိမ်မှာ တီဗီနဲ့ ကက်ဆက်ရှိခဲ့တယ်။

စာပို့ရထားဟာ ဆင်မြီးဆွဲ၊ သဲကုန်းမြို့တွေမှာ ရပ်တယ်။ အဲဒီမြို့တွေကို မုန့်ရောင်းသွားမယ်ဆို ကျနော်တို့က စာပို့ရထားနဲ့ပဲ သွားတာများတယ်။ များသောအားဖြင့် ဆင်မြီးဆွဲမြို့ကို သွားရောင်းတာများတယ်။ မြို့သစ်ဘူတာကနေ နံနက် ၆ နာရီဝန်းကျင်မှာ ထွက်ခွါတဲ့ စာပို့ရထားက ဆင်မြီးဆွဲကို ၇ နာရီစွန်းစွန်း ဆိုရောက်တယ်။ အဲဒီမှာ ကျနော်တို့ ညီအစ်ကိုနှစ်ယောက်ဆင်းပြီး ရွာတွေကို မုန့်တောင်းကြီးထမ်းပြီး မိုင်နဲ့ချီ လမ်းလျှောက် စျေးရောင်းကြတယ်။

ရောင်းကောင်းတဲ့နေ့တွေဆို နေ့ခင်း ကားရထားနဲ့အမီ ပြည်ကိုပြန်နိုင်ဖို့ ခြင်းတောင်းအလွတ်ကြီးရွက် ပြေးကြတာပဲ။ ဆယ်ကျော်သက်အရွယ်ဆိုတော့ မောရမှန်းမသိဘူး။ အိမ်ကို စောရောက်ချင်တာ။ တခါတလေလည်း ကားရထားမီတယ်။ တခါတလေလည်း ဘူတာနားရောက်ကာနီးမှ ကားရထား ထွက်သွားလို့ ညနေမှ လာတဲ့ စာပို့ရထားကို ဆင်မြီးဆွဲဘူတာထဲမှာ ပျင်းအောင် ထိုင်စောင့်ကြရပြန်တယ်။

တခါသား ကားရထားကအထွက် ကျနော်တို့က ဘူတာအရောက် ပြေးလိုက်ကြရင်း ကားရထားရဲ့ စက်ခေါင်းအင်ဂျင်နဲ့ ဘေးမှာကာထားတဲ့ သံတန်းကြားနေရာ တကိုယ်စာလေးမှာ အကိုကအပေါ်ကို အရင်ရောက်တယ်။ ကျနော်ကမောင်းနေတဲ့ ရထားနောက်ကို သံတန်းကိုင်ပြီးတွဲလွဲလိုက်တာ ဘူတာကျော်မှ စက်ခေါင်းဘေးကို တက်နိုင်တယ်။ သံတန်းကိုမြဲနေအောင်ကိုင်ပြီး သံဘီးနှစ်ဖက် သံလမ်းပေါ်ပြေးနေတာကို အတိုင်းသားမြင်ရတော့ ကြောက်စိတ်နဲ့ အသက်ရဲရဲမရှုရဲဘူး။ မောင်းနေတဲ့ လေအရှိန်နဲ့ စက်ခန်းက အပူကလည်း လူကို ချွေးပိုပျံစေတယ်။ အဲဒီနေ့က ပြည်-ဆင်မြီးဆွဲခရီးစဉ်ဟာ အကြာဆုံးပဲလို့ ထင်ခဲ့မိတယ်။

စာပို့ရထားနဲ့လည်း အဲလိုပဲ။ ဘူတာကနေ တဝက်တပျက်ပြေးလိုက် ခုန်တက်ခဲ့ရတယ်။ ကျနော်တို့ငယ်တုန်း၊ သန်မာတုန်း၊ အိမ်ပြန်ချင်ဇော ကပ်နေကြတုန်းပေါ့။ တခါတလေတော့လည်း အကိုက ရထားပေါ်ကိုအရင်ရောက်ပြီး ကျနော်လက်တဖက်ကိုဆွဲပြီး တွဲပေါ်ကို ဆွဲလွဲတင်ရတတ်တယ်။ ရထားပေါ်ကိုရောက်နိုင်တဲ့အခါလည်း မောမောနဲ့ ညီအစ်ကိုနှစ်ယောက် ပြုံးလိုက်ကြတာပဲ။ 

အဲဒီလိုနဲ့ မုန့်ရောင်းထွက်မယ့် ကျောင်းပိတ်ရက်တွေဆိုရင်တော့ မနက်ခင်း ၅ နာရီထွက်တဲ့ စာပို့ရထားကို မီလိုက်မှပဲ အခြားမြို့ရွာတွေမှာ စျေးရောင်းခွင့်ရတယ်။ စာပို့ရထားကိုမမီတာ မလိုက်နိုင်တာဆိုရင်တော့ အဲဒီနေ့အတွက် အလုပ်မဖြစ်တော့ပဲ အိမ်ပြန်ကြရတာပါပဲ။

 

၄။

မိုးတွေရွာတဲ့ အဲဒီနေ့ကိုတော့ ကျနော် ဘယ်တော့မှမေ့မှာမဟုတ်ဘူး။ အမှိုက်တွေကြားက ဖြတ်သန်းထမ်းပိုးလာတဲ့ မုန့်ခြင်းကြားကြီးကို မိုးစိုသက်သာဖို့ ဘူတာစျေးဆိုင် တံစက်မြိတ်အမိုးစွန်းလေးမှာချရင်း မိုးကာကိုယ်စီခြုံထားတဲ့ ကျနော်တို့ ညီအကိုနှစ်ယောက် ရထားကိုမျှော်ခဲ့ကြတယ်။ သစ်သားဘူတာရုံလေးမှာ လက်မှတ်တွေ ရောင်းနေပြီ။ မကြာခင်မှာ ရထားလာတော့မယ်ဆိုတာကိုလည်း ဘူတာရုံက အချက်ပြ အလံချိုးထားပြီ။ ရထားသံလမ်းမှာလည်း မိုးရေတချို့ စီးနေကြတယ်။ စာပို့ရထားဟာ ဘူတာနားမရောက်ခင် မမြင်ရခင်မှာပဲ ဥဩသံရှည်တချက်ကို အဝေးကနေပြုတယ်။ ဘူတာထဲက လူတွေလည်း လှုပ်လှုပ်ရှားရှားနဲ့ အထုပ်ပြင်သူ၊ ခြင်းထမ်းသူတွေနဲ့ ဘူတာစင်္ကြန် ပလက်ဖောင်းဘေးမှာ တန်းစီကုန်ကြတယ်။

ကျနော်တို့ ညီအကိုနှစ်ယောက်လည်း မုန့်ခြင်းကြားကြီးကို မ,ပြီး ပလက်ဖောင်းနဲ့အနီးဆုံးကို မ,ရွှေ့ထားလိုက်ကြတယ်။ ရထားဟာ ဖြေးဖြေးလေးဝင်လာတယ်ဆိုပေမယ့် ကျနော်တို့ မုန့်ခြင်းချထားတဲ့နေရာနဲ့ တက်ရမယ့် ကျောက်တွဲက နည်းနည်းလှမ်းသွားတယ်။ ခရီးသည်တွေနဲ့ ကုန်စိမ်းသည်တွေက မိုးရေထဲမှာပဲ အလုအယက် တိုးဝှေ့တက်ကုန်ကြတယ်။ ကျနော်တို့ လက်ခုပ်တဖောင်အမြင့်မှာရှိတဲ့ သံဘော်ဒီကိုကျော်ပြီး မုန့်ခြင်းကြားကြီးကို မတင်ဖို့ စတင်ကြိုးစားကြရတယ်။ 

မိနစ်ပိုင်းသာရပ်တဲ့ ရထားနဲ့ မိုးရွာနေတဲ့အချိန်ကြောင့် အားလုံးဟာ ဘယ်သူ့ကိုမှ မကြည့်အားကြဘူး။ ရထားပေါ်ရောက်ကြဖို့သာ အားထုတ်နေကြရတယ်။ ကျနော်တို့လည်း ရထားပေါ်ရောက်ဖို့အားထုတ်ရင်း အကိုက ရထားပေါ်ကို အရင်တက် ခြင်းကြားကိုတွဲပေါ်ကနေ ဇောက်ထိုးပြန်ဆွဲတယ်။ ကျနော်က အောက်က မတင်တယ်။ မုန့်ခြင်းကြီးက ကျနော့်အတွက် မနိုင်ဝန်ပဲ။ မိုးရွာနေတော့ ဘာမှကို ကိုင်လို့မကောင်းဘူး။ ရထားသံကိုယ်ထည်နဲ့ ထိန်းထားပေမယ့် မုန့်ခြင်းတောင်းက လျှောလို့ပဲကျနေတော့တယ်။ ခါတိုင်းကူနေကြ ကုန်စိမ်းသည်အဒေါ်ကြီးကိုလည်း မတွေ့ရဘူး။ အကူညီတောင်းစရာ လူကြီးတွေလည်း အနားမှာမရှိဘူး။ မိုးကရွာနေတော့ အားလုံး ပြေးကြပြီ။

ကျနော်တို့ ညီအကိုနှစ်ယောက် ခြင်းတောင်းကြီးကို ရထားပေါ်ရောက်ဖို့ ကြိုးစားနဆဲမှာပဲ ဂတ်ဗိုလ်ရဲ့ ဝစီသံဟာ မုန်းတီးစရာကောင်းလောက်အောင် ထွက်လာခဲ့တယ်။ ရထားဘီးကလည်း ကျွီခနဲဆိုပြီး စလှိမ့်တယ်။ မုန်ခြင်းတောင်းနဲ့ ကျနော်က နည်းနည်းချင်းလိုက်ရွှေ့တယ်။ နည်းနည်းမြန်လာတော့ ကျနော် မလိုက်နိုင်တော့ဘူး။ မုန့်ခြင်းနဲ့ ကျနော်ပလက်ဖောင်းမှာ ကျကျန်ခဲ့ကြတယ်။ အစ်ကိုလည်းရထားတွဲပေါ်က ခုန်ချပြီးနေခဲ့လိုက်ရတယ်။ မိုးကတော့ ပိုလို့သာသည်းလာတော့တယ်။

ကျနော်နောက်ဆုံးမှတ်မိတာကတော့ ငိုခဲ့တယ်ဆိုတာပါပဲ။ နောက်ပိုင်း ဘူတာရုံကို အကြိမ်များစွာ အကြောင်းအရာပေါင်းများစွာနဲ့ ရောက်ခဲ့ပေမယ့် ဘာမှကို ကျနော်မမှတ်တော့ဘူး။ မိုးရေတွေရယ်၊ မုန့်ခြင်းကြားကြီးရယ်၊ အကိုရယ် အဲဒါကိုတော့ ဘူတာပလက်ဖောင်းပေါ်မှာ ရုပ်ရှင်တခုလို အထင်းသား ပြန်ပြန်မြင်ယောင်နေဆဲ။ 

 

၅။

ကျနော်တို့အတွက်တော့ ရထားဟာ အခြေခံအကျဆုံးနဲ့ နွမ်းပါးမှုတွေရဲ့ ပြယုဂ်ပါပဲ။ ကျနော်တို့ဆီက ရထားတွေ အမြဲနောက်ကျနေသလို ကျနော်တို့ဘဝတွေလည်း အမြဲနောက်ကျကျန်ဆဲ။ ကျနော်တို့စောင့်ဆိုင်းနေဆဲမှာပဲ ကျနော်တို့လက်လွှတ်လိုက်ရတဲ့ မျှော်လင့်ခြင်းတွေမြောက်များစွာပေါ့။ 

ကမ္ဘာပေါ်မှာ ဘူတာကနေထွက်ခွါသွားတဲ့ ရထားဥဩဆွဲသံဟာ နာကျင်ကြွေကွဲဖွယ်ရာအကောင်းဆုံးပဲဆိုတာ ကျနော်အကြွင်းမဲ့ယုံ ခဲ့ပါတယ်။

#မြေလတ်အသံ

#ရသစာတမ်း #ရထား #မြန်မာ့မီရထား #ဘူတာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10