မြေပဲအောင်ကာနီး ရက်ပိုင်းအလိုမှရေကြီးလို့ ရွာ ၅ ရွာက ပဲဧက ၂၅၀ ကျော် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက နတ်လာပို့တောင်ရွာ ကျေးရွာအုပ်စုမှာ မြေပဲအောင်ကာနီး ရက်ပိုင်းအလိုမှ ရေကြီးမှုဖြစ်ခဲ့တဲ့အတွက် ပဲဧက ၂၅၀ ကျော် ရေနစ်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီလမှာ မိုးမြေပဲကို စတင်စိုက်ပျိုးခဲ့ကြပြီး ၃ လအကြာမှ အသီးအောင်တဲ့အတွက် ပုံမှန်ဆို ဇူလိုင်မှာ နှုတ်ယူလို့ရပြီဖြစ်ပေမယ့် ရေက ရုတ်တရက်ဝင်လာလို့ မြေပဲအောင်ကာနီး ရက်ပိုင်းအလိုမှာ အကုန်ပျက်စီးခဲ့ရတယ်လို့ နတ်လာပို့တောင်ရွာ လယ်သမားတဦးက ဆိုပါတယ်။

အရင်နှစ်တွေက မြေပဲစိုက်တောင်သူတွေအနေနဲ့ မြေပဲတဧကစိုက်ရင် ၄ သိန်းနီးပါး ကုန်ကျကာ ၃ ဧကစိုက်ရင် မြေပဲအတောင့် ၁၀၀ ကျော် ပြန်ရကြပြီး အပင်ကိုလည်း နွားစာအနေနဲ့ အသုံးပြုလို့ ရတဲ့အတွက် အမြတ်ကျန်ကာ ဝမ်းရေးအဆင်ပြေကြတယ်လို့ ပြောပါတယ်။

အခုနှစ် မိုးတွင်းမှာတော့ မြေပဲ မအောင်သေးခင် ရေကြီးလာတဲ့အတွက် ရေမြုပ်နေတဲ့ ပဲပင်တွေကို နွားစာအနေနဲ့ အသုံးပြုဖို့ လိုက်လံရိတ်သိမ်းပြီး လှေနဲ့သယ်၊ ပြီးရင် နွားလှည်းနဲ့တဆင့်တိုက်ပြီး ရေလွတ်ပိုင်း ကုန်းမြင့်ကို ပြောင်းရွှေ့ခဲ့ကြပေမယ့် နေမပူတဲ့အတွက် ပဲပင်တွေက မှိုလိုက်လာကာ နွားစာအနေနဲ့တောင် အသုံးပြုလို့ မရဘူးလို့ ဆိုပါတယ်။

နတ်လာပို့တောင်ရွာ ကျေးရွာအုပ်စုမှာ နတ်လာပို့တောင်ရွာ၊ ကျွန်းကလေး၊ ဒေါင်းခြံ၊ နွားခြံကုန်း၊ ယင်းဘိုးစတဲ့ ကျေးရွာ ၅ ရွာပါဝင်ပြီး အိမ်ခြေပေါင်း ၁၀၀၀ ခန့်ရှိကာ ချင်းတွင်းမြစ်ကမ်းဘေး မြေပဲစိုက်တဲ့ မြေနုကျွန်း ဧက ကတော့ ၂၅၀ ကျော် ရှိကြပါတယ်။

မြေနုကျွန်းတွေမှာတော့ မိုးမြေပဲ၊ ကြက်သွန်၊ ပွင့်လင်းရာသီချိန်(ဆောင်းရာသီ)မြေပဲ စသည်ဖြင့် အများစုစိုက်ကြပြီး အမြင့်ပိုင်းမှာတော့ ပြောင်းဖူးလည်း စိုက်ပျိုးကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီဒေသကထွက်တဲ့ မြေပဲတွေကိုတော့ မုံရွာကို အများစု တင်ပို့ရောင်းချကြပြီး တချို့တောင်သူတွေကတော့ အိမ်မှာပဲ ဆီကြိတ်ကာ နှမ်းဖတ်ကို နွားစာအဖြစ် သုံးကြတယ်လို့ သိရပါတယ်။

နေအိမ် ၄၇၀ ခန့်ရှိတဲ့ နတ်လာပို့တောင်ရွာမှာ အခုလက်ရှိ အချိန်ထိ ရွာအရှေ့ပိုင်း မြစ်ကမ်းဘေးက အိမ်ခြေ ၁၀၀ ကျော် ရေဒူးလယ်လောက်ထိ ကျန်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကနီ #နတ်လာပို့တောင်ရွာ #မြစ်ရေကြီး #မြေပဲ #ဆုံးရှုံး #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10