မြောင်၊ မင်းတန်းရွာကို ညသန်းခေါင်ချိန်လေယာဉ်နဲ့ဗုံးကြဲ၊ နွား ၄ ကောင်သေပြီး နေအိမ် ၂၀ ကျော် ပျက်စီး

မြောင်၊ မင်းတန်းရွာကို ညသန်းခေါင်ချိန်လေယာဉ်နဲ့ဗုံးကြဲ၊ နွား ၄ ကောင်သေပြီး နေအိမ် ၂၀ ကျော် ပျက်စီး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းတန်းကျေးရွာကို လူခြေတိတ်ချိန်ညသန်းခေါင်ယံမှာ လေယာဉ်နဲ့ ဗုံးကြဲချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၄ ရက် ည ၁၂ နာရီမှာ မင်းတန်းရွာပေါ်ကို တိုက်လေယာဉ်စတင်ပျံသန်းစဉ်မှာပဲ ဗုံး ၂ လုံး ကြဲချသွားတာလို့ ဆိုပါတယ်။

“ဗုံး ၂ လုံးကို လမ်းခြားပြီးတော့ တအိမ်တလုံး ကျတာပေါ့။ ဗုံးကျပြီး မီး လုံးလုံးလောင်သွားတာက ၄ အိမ်၊ ဗုံးတိုက်ရိုက်ကျတဲ့ တအိမ်ကကျတော့ မီးမလောင်ဘဲ အဆောက်အဦက ပြားပြီး ပြိုသွားတယ်။ PDF တွေရဲ့ စုရပ်နေရာလို့ ထင်ပြီး ကြဲသွားတာ”လို့ မင်းတန်းကျေးရွာသားတဦးက မြေလတ်အသံ ကို ပြော ပါတယ်။

ဗုံးကြဲခံရတာကြောင့် ကျေးရွာအတွင်းရှိနွား ၄ ကောင်သေဆုံးပြီး၊ နေအိမ် ၄ လုံး အိမ်လုံးကျွတ် မီးလောင်ခဲ့ကာ ‌အိမ်အလုံး ၂၀ ဝန်းကျင်ကတော့ ဗုံးစတွေထိမှန်ပြီး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကျေးရွာနေ ပြည်သူတွေကတော့ တိုက်ပွဲတွေ စတင်ဖြစ်ပွားနေစဉ်ကတည်းက ရပ်ရွာတာဝန်ခံတွေက ရှောင်တိမ်းခိုင်းထားတဲ့အတွက် ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

မြောင်မြို့နယ်အတွင်းမှာ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက မေ ၁ ရက်ကစတင်ကာ မြင်းခြံဘက်ကနေ စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး ၃ရက်ကြာ တိုက်ပွဲတွေဖြစ်ပွားနေခဲ့ကာ လေကြောင်းမကြဲခင် ညနေပိုင်းကလည်း မင်းတန်းနဲ့ ၂ မိုင်ဝန်းကျင်ဝေးတဲ့ ရွှေလှေရွာမှာ ထိတွေ့မှုဖြစ် ခဲ့တယ်လို့ MBTT အဖွဲ့တာဝန်ခံ ဗိုလ်တောက်ထွန်းက ပြောပါတယ်။

စစ်ကောင်စီဟာ မေ ၃ ရက် တိုက်ပွဲအပြီးမှာ မြစ်ကမ်းဘေးကို ခွာစစ်ဆင်ခဲ့ပြီးနောက် ယမန်နေ့မှာတော့ ရေကြောင်းပစ်ကူတရစပ်သုံးပြီး လေကြောင်းနဲ့ပါ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

“ ၃ ရက်နေ့ပွဲပြီးတော့ သူတို့နောက် ဆက်လိုက်အောင်တမင်လုပ်နေတာ သတိထားမိလို့ အကုန်လုံး ဘာမှဆက်မလုပ်တော့ဘဲ ခဏစောင့်ကြည့်နေတာ။ အခုကတော့ ထင်တဲ့အတိုင်းပါပဲ၊ သူတို့က သင်္ဘောပစ်ကူပေးနိုင်မဲ့နေရာထိဆုတ်ပြီး ဒီဘက်ကတက်လာမယ့်အချိန်ကို ပြန်စောင့်နေကြတာ”လို့ CDSOM အဖွဲ့တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ဒီကနေ့ မနက်မှာတော့ ဧရာဝတီမြစ်ကနေတဆင့် မြင်းခြံဘက်ကို ပြန်ဆုတ်ခွာသွားပြီး အင်အားဖြည့်တင်းနေတဲ့ အနေထားမှာရှိတယ်လို့ ဆိုပါတယ်။

မင်းတန်းရွာဟာ အိမ်ခြေ ၄၂၀၊ လူဦးရေ ၁၇၀၀ ခန့်ရှိပြီး လေကြောင်းနဲ့ ပထမဆုံးအကြိမ်ဗုံးကြဲခံရတာဖြစ်သလို ၂၀၂၂ မေလကလည်း အိမ်ခြေ ၁၀၀ ကျော် မီးရှို့ခံထားရတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #စစ်ကောင်စီတပ် #Airstrike #နေအိမ်ပျက်စီး #မင်းတန်းရွာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10