ရန္တပိုဆိပ်ကမ်းမှာ အိုးလှန်းကြရမယ့်နေ့ (လူမှုဘဝ)

ရန္တပိုဆိပ်ကမ်းမှာ အိုးလှန်းကြရမယ့်နေ့ (လူမှုဘဝ)

 

အစုန်အဆန် စက်လှေကြီးငယ်တို့ အဆက်မပြတ်ဆိုက်ကပ်ခဲ့တဲ့ဆိပ်ကမ်း၊ ရွာရဲ့အဓိကထွက်ကုန် မြေအိုးတွေကို မြန်မာနိုင်ငံအနှံ့ပို့ပေးခဲ့တဲ့ ဆိပ်ကမ်း၊ ကမ္ဘာလှည့်ခရီးသွားတွေ သင်္ဘောကြီးတွေနဲ့ ဝင်ထွက်လေ့လာခဲ့ရာ၊ မြစ်ဧရာရဲ့အရှေ့ဘက် ရန္တပိုဆိပ်ကမ်းလေးဟာ အခုတော့ တိတ်တိတ်ဆိတ်ဆိတ်။ မျှော်သူမရှိ။ ခေါ်သူလည်းမရှိ။ 

“အရင်တုန်းကတော့ နိုင်ငံခြားသားကပြတ်ကို မပြတ်ဘူး၊ အချိန်ပြည့်လာတာ။ ကလေးတွေကို စာအုပ်ခဲတံတို့ ထောက်ပံ့တယ်။ ကျောင်းဝတ်စုံလှူသွားတယ်။ အိုးလုပ်ငန်းကိုလာတာ။ လေ့လာချင်လို့ လာတာ။” လို့ ရွာရဲ့ အရင်အခြေအနေကို ဦးမြင့်(အမည်လွှဲ)က ပြောပြတယ်။

ဦးမြင့်က ရွာမှာ အိုးလုပ်ငန်းကို မိရိုးဖလာအနေနဲ့ကို တတ်ခဲ့တာ၊ အိုးလုပ်ငန်းနဲ့ အသက်မွေးခဲ့တာကပင် ၂၈ နှစ်ရှိခဲ့ပြီ။ အခုတော့ အိုးလုပ်ငန်းကို ရပ်လို့ စစ်ရှောင်နေရတဲ့သူတွေထဲက တယောက်ပေါ့။ 

တော်သလင်းလကိုရောက်နေသည့်တိုင် အလှူအတန်းနဲ့ ဓါတ်စက်သံတို့မကြားရ။ အရင်ကတော့ဒီအချိန်ဆို ဆွမ်းလောင်းပွဲ၊ သီတင်းကျွတ်ဆို တရားပွဲ၊ ကန်တော့ပွဲတွေနဲ့ တန်ဆောင်မုန်းအထိ ပွဲလမ်းသဘင်မပြတ် အိမ်စေ့ ဧည့်သည်ဆောင်သည်အပြည့် အကျွေးအမွေးအပြည့်ပေါ့။  

ဩဂုတ်လလောက်ကတည်းကစပြီး နိုင်ငံခြားသားတွေ ရွာကိုလာကြတယ်။ နိုင်ငံခြားသားတွေက မန္တလေး-ပုဂံညောင်ဦး ခရီးစဉ်ဆိုပြီး မြင်းမူက စျေးကို ဆိုက်ကားနဲ့လည်၊ အင်းဝကို မြင်းလှည်းနဲ့လည်၊ ရန္တပိုကိုတော့ အိုးလုပ်ငန်းတွေလေ့လာ အဲ့လိုဆိုပြီး ဝင်ရောက်ကြတာလို့ ဦးမြင့်က ဆိုတယ်။ 

တကယ်တော့လည်း ရန္တပိုရွာဆိုတာ မြေအိုးလုပ်ငန်းတွေနဲ့ ပိုလို့နာမည်ကျော် လူသိများတယ်လို့ ပြောရမှာ။ ဆိုပါစို့ ရှင်မတောင်ဆို သနပ်ခါး၊ ကျောက်ပန်းတောင်းဆို ထန်းလျက်၊ ညောင်ဦးဆို ပုန်းရည်ကြီး၊ သရက်ဆို မလိုင်၊ ရန္တပိုဆို အိုး အဲ့လိုမျိုး တွဲလို့သိထားတဲ့ ဒေသအမှတ် အမှတ်သင်္ကတပေါ့။

 

ရန္တပိုရာ မြောက်ခြမ်းမှာရှိတဲ့ အိမ်ခြေ ၁၀၀ ဝန်းကျင်နီးပါးလုံးက မြေအိုးလုပ်ငန်းနဲ့ နေထိုင်ကြီးပြင်းလာခဲ့ကြတာ ဆွေစဉ်မျိုးဆက်လို့ပဲ ပြောရမယ်။ ရန္တပိုက အိုးတွေဟာ မြစ်ဧရာတကြောမှာ စုန်ဆန်ပြီး မြို့ကြီးများစွာကို သွားခဲ့တဲ့ ဒေသတခုရဲ့ အမှတ်သင်္ကတပါပဲ။ 

အရင်ကဆို နံနက်ခင်း အရုဏ်မလင်းခင်ကတည်းက ကြားနေရတဲ့ အိုးထိန်းစက်(အိုးပြင်လှဲ့) လှည့်သံ တကျွီ ကျွီ။ အိုးပုံထွင်းထုရိုက်နှက်သံ တဘုန်းဘုန်း တအုန်းအုန်းတို့ ဆိတ်သုဉ်းခဲ့တာ ၃ နှစ် ၃ မိုး။ အစိတ်စိတ်အမွှာမွှာ ကွဲကြေနေကြတဲ့ အိုးကွဲစတွေကတော့ ရွာထဲမှာ ကြဲပြန့် မွစာတက်။ 

စစ်ကောင်စီတပ်တွေက စစ်ကြောင်းနဲ့လာပြီး ရှာဖွေစစ်ဆေးကြတဲ့အခါ တွေ့ရာကို ရိုက်ခွဲသွားကြတယ်။ နောက်တော့ သူတို့တွေ ကမ္ဘာ့သမိုင်းနဲ့ မြန်မာ့သမိုင်းဝင် နေရာဆိုတာ သတိမမူအား ဖျက်ဆီးတပ်စွဲထားလိုက်ကြ ပြန်တယ်။ 

သူတို့တပ်စွဲဖျက်ဆီးခဲ့ရာနေရာဟာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ စစ်ပြေငြိမ်းဖို့ နှစ်ဖက်ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးမှတ်ကျောက်တင်ခဲ့ရာ သမိုင်းဝင် ငြိမ်းချမ်းရေးနယ်မြေဆိုတာ မသိချင်ယောင်ဆောင်နေတယ် ထင်ပါ့။ 

သူတို့ဖျက်ဆီးခဲ့တဲ့ အိုးတွေဟာ မြန်မာကျော်လှတဲ့ ဂန္တဝင်မြေအိုးတွေဆိုတာ သူတို့ မသိချင်ယောင်ဆောင်ခဲ့ကြတယ် ထင်ပါ့။ 

အခုလည်း ရန္တပိုရွာကနေ စစ်ရှောင်နေတဲ့ မနွယ်တယောက် ရွာကိုတိတ်တဆိတ် ပြန်လည်ဝင်ရောက်ပြီး အိမ်နဲ့ အိုးတွေ လုပ်ငန်းခွင်သုံးပစ္စည်းတွေကို ပြန်စစ်ဆေးပါတော့တယ်။ 

“အပြေးကောင်းလို့ အခုလို ကျမကိုဆက်သွယ်လို့ရတာ။ တခါတလေဆို ဆယ့်နှစ်ရွာလောက်ကို ပတ်ပြေးရတာ။ ပြေးလမ်းသာတော့ တော်သေးတယ်။” လို့ မနွယ်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း  စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ ပစ်မှတ်ထားတာကိုခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် မနွယ်ဟာ စောစီးစွာပဲ ရွာကစွန့်ခွာခဲ့ရတယ်။ အရှောင်အတိမ်း အပြေးအလွှားကောင်းလို့ လွတ်မြောက်ခဲ့ရပေမယ့် သူနဲ့အတူတူ ပြေးဖို့ကြိုးစားတဲ့သူတချို့ကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးစစ်မေးတာကို ခံခဲ့ကြရပါတယ်။

စစ်ရှောင်ပုန်းကြရတဲ့ အခြေအနေမှာကိုပဲ မနွယ်ရဲ့ အမျိုးသားဟာ ဗိုက်ကို လက်နက်ကြီးကျည်စ မှန်ခဲ့ပါတယ်။ အခုတော့ သက်သာသွားပြီလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာ ၃ ကြိမ်ရှိပြီး နေအိမ် ၁၀ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်း ပြိုပျက်စီးခဲ့ပါတယ်။ စစ်ကြောင်းထိုးတဲ့အခါ ရှောင်ပြေးကြရပြန်ပါတယ်။

“စစ်ရှောင်တော့ ကျွန်းတွေထဲမှာ နေရတယ်။ တချို့လည်း စစ်ကိုင်းဘက် သွားကြတယ်။ စစ်ကြောင်းတွေလာရင် ရှောင်၊ ပြီးရင် ရွာခဏပြန်ပေါ့။” လို့ သူတို့နေရတဲ့ အခြေနေကို မနွယ်က ပြောပါတယ်။

တပူပေါ်နှစ်ပူဆင့်ဆိုသလို အိုးလုပ်ရာမှာသုံးတဲ့ ရွှံ့မြေနဲ့ သဲ၊ အိုးဖုတ်ရာမှာသုံးတဲ့ ထင်း၊ ကောက်ရိုး၊ အမှိုက်စတွေဟာ စက်တင်ဘာလဆန်း ဧရာဝတီမြစ်ရေကြီးပြီး ရွာရေနစ်တော့ ရေနောက်အကုန် မျောပါသွားခဲ့ပါတယ်။

မျောပါဆုံးရှုံးသွားရတဲ့ ကုန်ကြမ်းတန်ဖိုးဟာ တအိမ်ကို သိန်း ၄၀ ဖိုးခန့်လောက်ရှိတယ်လို့ ပြောကြပါတယ်။ အိုးလုပ်တာမှာ သုံးတဲ့ ရွှံစေးမြေ ထော်လာဂျီတစီးကိုပဲ ၅ သောင်းဝန်းကျင် ပေးထားရတာပါ။

“အိုးလုပ်ဖို့အတွက် အဓိကလိုအပ်တဲ့ ရွှံစေး၊ သဲ စတဲ့ပစ္စည်းတွေကို နှစ်စဥ် တပို့တွဲလ၊ တပေါင်းလတွေမှာ စုဆောင်းရတယ်။ ဧရာဝတီမြစ်ရေတက်ချိန်မှာ မရနိုင်တော့ ကြိုတင်စုဆောင်းရတာပါ။” လို့ မနွယ်က ပြောပါတယ်။ 

အခုတော့ စုဆောင်းထားတဲ့ ကုန်ကြမ်းတွေဟာ မြစ်ရေနောက်ကို ပါသွားခဲ့ပါပြီ။ အိုးလုပ်ငန်းက မိုးလုံးဝကို ပြတ်မှ လုပ်လို့ရတဲ့ အလုပ်မျိုး။ မပွင့်လင်းတဲ့အချိန်တွေဆို ရာသီဥတုအခြေအနေကိုကြည့်ပြီး လုပ်ကြရတယ်။ သီတင်းကျွတ်၊ တန်ဆောင်မုန်းဆို အိုးတွေကို အကြီးအကျယ်လုပ်ကြရပြီ။

“အခုအချိန်က အိုးဖုတ်တဲ့ဖိုတဖိုကို (အိုး)ခုနှစ်ရာလောက်ပဲ ထည့်ဖုတ်ရတော့တယ်။ မိုးရွာတော့လူကစောင့်ကြည့်ရတယ်။ အခုချိန်က တထောင်လောက်ဆို များတယ်။ ငါးရာလောက်ပဲ ကောင်းတော့တယ်။ ဖုတ်နေတုန်းမိုးရွာရင် အကုန်ပျက်စီးတာပဲ သွားရော။” လို့ ဦးမြင့် ကပြောပါတယ်။

ပွင့်လင်းရာသီမှာဆို အိုးဖိုတဖိုကို အိုးမျိုးစုံရောရာ ၂ ထောင်လောက်အထိ ထည့်ဖုတ်ကြတယ်။ အိုးစီတဲ့သူ ထင်းထည့် မီးထည့်နဲ့ တကယ့်အလုပ်ကြီးပေါ့။ အိုးအနည်းအများပေါ်ကို မူတည်ပြီး မြေစနယ်တာကနေ အိုးဖုတ်ပြီး အသင့်သုံးနိုင်တဲ့အထိကို ၁ လကနေ ၂ လဆိုသလို ကြာတတ်တယ်။ 

အိုးမျိုးစုံဆိုတာမှာ ဘုရားပန်းအိုး၊ ထမင်းချက်အိုး၊ ဟင်းချက်အိုး၊ ပန်းအိုး၊ ထန်းရေအိုး(မြူအိုး)၊ မီးဖိုကရွတ်၊ ဖျဥ်းအိုး၊ သောက်ရေအိုး၊ မြေအိုးအဖုံး၊ ပိုက်ဆံစုဘူး၊ ကလေးကစားစရာအရုပ်မျိုးစုံ စတဲ့ အိမ်သုံး မြေအမျိုးအစား အိုးတွေအကုန်ပါတယ်။ အများဆုံးရောင်းချရတာကတော့ သောက်ရေအိုးပဲ။ ရန္တပိုမြေအိုးက အေးတယ်ဆိုပြီး နာမည်ကြီးလှတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲမှာရှိတဲ့ ရန္တပိုရွာက အိုးတွေကို အဓိကရေလမ်းကနေ ရောင်းဝယ်ကြတယ်။ ပုဂံ - ညောင်ဦး၊ မန္တလေး၊ မြင်းခြံနဲ့ စစ်ကိုင်းတိုင်းထဲက အများဆုံးဝယ်ကြတယ်။ တလလုံးလုံး လုပ်ကိုင်ခဲ့ကြတဲ့ ရွာသူ/ရွာသားတွေဟာ အိုးကုန်သည်တွေ လာဝယ်ကြတဲ့အချိန်မှပဲ ငွေရကြတာပါ။ ကြားကာလထဲမှာတော့ ငွေဝင်လမ်းဆိုတာ မရှိသလောက်ပါပဲ။ 

“အခုကျတော့ လမ်းကြောင်းမကောင်းတော့ မန္တလေးပို့တယ်ဆို မြင်းခြံလမ်းက မကောင်းရင် မလာရဲဘူး။ အိုးကိုအကျက်ဖုတ်ပြီးရင်တောင် မရောင်းရဘူး။ တလလုံးပြီး ရောင်းပြီးမှ ပိုက်ဆံရတာ။ လမ်းကြောင်းအခြေအနေမကောင်းရင် ရောင်းမရဘူး။ ကားတွေမလာရဲရင် မရောင်းရဘူး။ မန္တလေးလမ်းက စစ်ဆေးလို့ ကားတွေမလာရဲဘူး ။” လို့ ဦးမြင့်က ပြောပါတယ်။

ရန္တပိုအိုးလုပ်ငန်းတခုလုံး အဓိကအားထားနေရတဲ့ စျေးကွက်ကြီးတခုလုံးကလည်း စစ်အာဏာရှင်တွန်းလှန်ရေး စစ်ရေးအရှိန်မြှင့်ထားတဲ့ စစ်ဇုန်ကြီးတခုလိုဖြစ်နေတာပါ။ မြင်းခြံမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေသလို၊ မန္တလေးတဝိုက်မှာလည်း စစ်ရေးတင်းမာနေပါတယ်။ စစ်ကိုင်းတိုင်းကတော့ စစ်မက်ဇုန်ကြီးပါ။ ရန္တပိုရွာကိုယ်တိုင်ကလည်း စစ်ကြောင်းထိုးမှုတွေနဲ့ အနီးနား မြောင်နဲ့ ရေလယ်ကျွန်းက တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

စစ်ပြေငြိမ်းတဲ့ အထိမ်းအမှတ်ဒေသဟာ စစ်မီးတောက်နေပါတယ်။ ကျွမ်းကျင်မှုနဲ့ စေတနာပေါင်းစပ်လို့ ပုံဖော်ထုဆစ်ထားတဲ့အတွက် နာမည်ကြီးလှပါတယ်ဆိုတဲ့ မြေအိုးတွေ အေးမြဖို့ ပုံဖော်ပေးသူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

လူ့သမိုင်း ယဉ်ကျေးမှုအဆင့်အတန်းတွေကို လေ့လာကြတဲ့အခါ မြေအောက်တွေကနေ တူးဖော်ရရှိတဲ့ အိုးတွေ အိုးခြမ်းပဲ့တွေနဲ့ တိုင်းတာ အကဲဖြတ်ခဲ့ကြရပါတယ်။ ဒီလိုနဲ့ လွန်လေပြီးသော နှစ်သန်းပေါင်းများစွာက လူသားတွေဖြစ်တည်ပျံ့နှံ့နေထိုင်ခဲ့ပုံနဲ့ ယဉ်ကျေးမှုအဆင့်အတန်းတွေကို သိခဲ့ရပါတယ်။

နောင်နှစ်တွေကြာသွားတဲ့အခါ ရန္တပိုရွာက အိုးခြမ်းကွဲတွေကို တူးဖော်မိရင် ရွာသူရွာသားတွေရဲ့ သောကနဲ့ စစ်အာဏာရှင်ရဲ့ ရက်စက်မှုအဆင့်အတန်းတွေကို သိသွားကြမယ်ထင်ပါရဲ့။ 

အခုတော့ ပွင့်လင်းရာသီကိုရောက်လာပြီဖြစ်လို့ စစ်ရှောင်နေကြရတဲ့ ရွာသူရွာသားတွေဟာ ရွာကိုပြန်ပြီး အိုးဖုတ်ချင်နေကြပါပြီ။ ရန္တပိုဆိပ်ကမ်းမှာ အိုးတွေကို နေလှန်းချင်နေကြပါပြီ။ 

“အိုးလုပ်ငန်းမှ မလုပ်ရဘူးဆိုရင် ဘယ်လိုတွေးလို့ တွေးရမှန်းတောင်မသိဘူး။ ဘာလုပ်စားလို့ စားရမှန်းတောင် မသိဘူး။ ဘိုးဘွားဘီဘင်ကတည်းက လုပ်ခဲ့တာဆိုတော့ တခြားအလုပ်မရှိဘူး။” လို့ ပြောလိုက်ပြီး အဆုံးမှာတော့ မနွယ်ဟာ မချိတင်ကဲ ပြုံးရယ်နေခဲ့ပါတယ်။

#မြေလတ်အသံ

#လူမှုဘဝ #ဆောင်းပါး #ရန္တပို #အိုးလုပ်ငန်း #သတင်းဆောင်းပါး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10