ရေကြီးနေတဲ့ ခုံကြီးရွာကို တပတ်ကြာတဲ့အထိ ကယ်ဆယ်ရေးတွေမရောက်လို့ စားသောက်ရေး အခက်တွေ့နေ

ရေကြီးနေတဲ့ ခုံကြီးရွာကို တပတ်ကြာတဲ့အထိ ကယ်ဆယ်ရေးတွေမရောက်လို့ စားသောက်ရေး အခက်တွေ့နေ

ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ်ထဲက ရေကြီးနစ်မြုပ်နေတဲ့ ခုံကြီးရွာကို တပတ်ကြာတဲ့အထိ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ရောက်မလာသေးတဲ့အတွက် ကျေးရွာသားတွေ စားသောက်ရေး အခက်တွေ့နေရတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ကျောက်ကြီးမြို့နယ်၊ သောင်လယ်အုပ်စု၊ ခုံကြီးရွာကို စက်တင်ဘာ ၁၂ ရက်ညကစတင်ကာ စစ်တောင်းမြစ်ရေဝင်ရောက်လာတဲ့အတွက် တရွာလုံးကို ရေ ၄ ပေကျော်ဝင်‌ရောက်ပြီး နေအိမ်အောက်ထပ်တွေ ရေနစ်မြုပ်နေလို့ နေအိမ်အပေါ်ထပ်မှာနေထိုင်နေကြရတယ်လို့ ပြောပါတယ်။

“ဘယ်ကယ်ဆယ်ရေးအဖွဲ့ ခုချိန်ထိမရောက်သေးပါဘူး။ ဆန်၊ ဆားနဲ့ ဆီ အဓိကလိုအပ်နေတာ။ စားနပ်ရိက္ခာကလည်း ပြတ်နေပြီ။” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။ 

ခုံကြီးရွာနဲ့ကပ်လျှက်ရှိ သောင်လယ်နဲ့နွယ်တန်းရွာတွေကိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေရောက်ပေမယ့် ခုံကြီးရွာကိုတော့ မရောက်လာဘူးလို့ ဆိုပါတယ်။ 

လက်ရှိမှာ ရှိတဲ့ရိက္ခာနဲ့ အချင်းချင်းမျှဝေစားသောက်နေရပြီး မျိုး(နောက်တရာသီမှာစိုက်ပျိုးဖို့ သိုလှောင်ထားတဲ့မျိုးစေ့)ထားတဲ့ ကုလားပဲ၊ ပဲနီစေ့တွေကိုလည်း ထုတ်စားနေရတယ်လို့ အထက်ပါဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။

ဒါ့အပြင်သောက်သုံးရေကိုလည်း ရေအောက်မြုပ်နေတဲ့ လက်နှိပ်တုံကင် ရေတွင်းကရေကို ပိုက်ဆင်ကာ ထုတ်ယူသုံးစွဲကြပြီး ချက်ပြုတ်ရာမှာအသုံးပြုတဲ့ ထင်းကိုလည်း ရွာသားအချင်းချင်း မျှဝေသုံးစွဲနေကြတယ်လို့ ဆိုပါတယ်။ 

ငွေကြေးပြည့်စုံသူအိမ်ထောင်စုတွေကလည်း ရွာထဲမှာရှိနေသေးတဲ့ စျေးဆိုင်တဆိုင်က ကျန်တဲ့ ပစ္စည်းတွေကို ဝယ်စားနေရကာ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တွေကလည်း ကူညီပေးတာမျိုးမရှိဘူးလို့ သိရပါတယ်။ 

ဒါ့အပြင် စိုက်ပျိုးရေးလုပ်ကိုင်ရာမှာသုံးတဲ့ ကျွဲနွားတွေကို ရေလွတ်တဲ့နေရာတွေကို ပြောင်းရွှေ့ပို့ဆောင်ထားရပြီး လက်ရှိမှာလည်း ရေက ၄ ပေကျော်လောက်ရှိနေသေးပြီး နေအိမ်အောက်ထပ်တွေထိ နစ်မြုပ်နေသေးတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။  

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာကပ်လျှက်ရှိတဲ့ ခုံကြီးရွာမှာ အိမ်ခြေ ၁၅၀ နီးပါးရှိပြီး လူဦးရေ ၅၀၀ ကျော်နေထိုင်ကာ အခြေခံလူတန်းစား ၂၀၀ ဦးဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ ကျောက်ကြီးမြို့နယ်မှာ ရေကြီးရေလျှံမှုဖြစ်နေသလို တောင်ငူ၊ ရေတာရှည် ထန်းတပင်နဲ့ အုတ်တွင်းမြို့နယ်တွေမှာလည်း ရေကြီးနစ်မြုပ်မှုကို ကြုံတွေ့‌နေရတာဖြစ်ပြီး သောင်းနဲ့ချီတဲ့ ဒေသခံတွေရေဘေးသင့်ပြီး အကူညီတွေလိုအပ်နေပါတယ်။ 

ပုံစာ - ရေကြီးနစ်မြုပ်နေတဲ့ ခုံကြီးရွာ။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #မြစ်ရေတက် #စားသောက်ရေး #အခက်တွေ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10