ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ နေပြည်တော် PDF ၂ ဦး စစ်တောင်းမြစ်ရေနဲ့အတူမျောပါသွားပြီး ၁ ဦး ပျောက်ဆုံးနေ

ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ နေပြည်တော် PDF ၂ ဦး စစ်တောင်းမြစ်ရေနဲ့အတူမျောပါသွားပြီး ၁ ဦး ပျောက်ဆုံးနေ

ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ ကာကွယ်ရေးရဲဘော် ၂ ဦး  ဒီကနေ့မနက်ပိုင်းမှာ ရေစီးနဲ့ မြစ်ထဲမျောပါသွားခဲ့ပြီး ၁ ဦးပျောက်ဆုံးနေကာ သေဆုံးတယ်လို့ယူဆရကြောင်း တပ်ရင်းတာဝန်ရှိသူဆီက သိရပါတယ်။

စက်တင်ဘာ ၁၂ ရက် မနေ့ညပိုင်းကစလို့ နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၉၀၁ ကရဲဘော်တွေဟာ ရေဘေးသင့်ပြည်သူတွေကို ကယ်ထုတ်နေကြတာဖြစ်ပြီး ဒီကနေ့ မနက် ၉ နာရီဝန်းကျင်မှာတော့ မြစ်ရေစီးသန်လွန်းတာကြောင့် ကယ်ဆယ်ရေးလုပ်ရင်း ရေထဲမျောပါခဲ့တာလို့ ဆိုပါတယ်။ 

“အဆင့်ဆင့် တဦးနဲ့တဦး ကြိုးနဲ့ ဖောင်နဲ့ပေါ့နော်။ ဝါးဖောင်တွေလုပ်ပြီး ကယ်ထုတ်တဲ့အနေထားမှာ ရေစီးကသန်ပြီးတော့ ကယ်ဆယ်ရေးကြိုးတွေကနေ လွတ်ထွက်သွားပြီးတော့မှ ရေစီးနောက်ပါပြီး နစ်မြုပ်သွားတာပေါ့။”လို့ နေပြည်တော် PDF ၉၀၁ တပ်ရင်းမှူး ဇင်ယော်က မြေလတ်အသံကို ပြောပါတယ်။

ရေစီးနဲ့မျောပါခဲ့သူတွေဟာ တပ်ရင်း ၉၀၁ တပ်ဖွဲ့ဝင် ရဲဘော် အီးဂဲနဲ့ ရဲဘော် အငယ်ကောင်တို့ဖြစ်ပြီး ရဲဘော် အငယ်ကောင်ကိုတော့ မြစ်ကမ်းစပ်နေရာမှာ အသက်ရှင်လျက် ကယ်နိုင်ခဲ့ပေမယ့် ရဲဘော် အီးဂဲကတော့ အခုချိန်ထိ ရှာမတွေ့သေးတာကြောင့် သေဆုံးသွားပြီလို့ ယူဆရတယ်လို့ ဆိုပါတယ်။

“ရဲဘော် အီးဂဲကတော့ အသက်မရှင်တော့ဘူးလို့ ကျတော်တို့ သုံးသပ်တယ်။ အလောင်းတော့ ပြန်မရသေးဘူး၊ ရှာဖွေနေဆဲပဲ။ တဦးကတော့ အသက်ရှင်လျက်ပြန်ရပြီ။” လို့ သူက ဆက်ပြောပါတယ်။

စစ်တောင်းမြစ်ထဲကို ဆွာဆည်၊ သောက်ရေခပ်ဆည်၊ ကင်းသာဆည်၊ ပေါင်းလောင်းဆည်တို့မှာရှိတဲ့ ရေပိုလွှဲတွေနဲ့ မိန်းရေပေါက်ကနေ ရေလွှတ်တာတွေ၊ မိုးကြီးတာတွေကြောင့် စက်တင်ဘာ ၁၁ ရက်ကတည်းက မြစ်ရေမြင့်တက်လာတာဖြစ်ပြီး လက်ရှိ စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်အထက် ၁၃၅ စင်တီမီတာ ကျော်လွန်နေတာ ဖြစ်ပါတယ်။

စစ်တောင်းမြစ်ရေ မြင့်တက်လာတာကြောင့် တောင်ငူခရိုင်အတွင်းက တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်၊ ထန်းတပင်၊ ဖြူး စတဲ့ ၅ မြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာပေါင်း ရာနဲ့ချီပြီး ရေဘေးကြုံနေရတယ်လို့ သိရပါတယ်။

ပုံစာ - ရေဘေးကယ်ဆယ်ရေးလုပ်နေသည့် ၉၀၁ တပ်ရင်းမှ ရဲဘော်များ။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #စစ်တောင်းမြစ် #ရဲဘော် #ကယ်ဆယ်ရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10