ရှေ့တန်းပို့ခံရတဲ့ ကျေးလက်ကျန်းမာရေးမှူး ထွက်စာတင်ပြီး တိမ်းရှောင်ထွက်ပြေး

ရှေ့တန်းပို့ခံရတဲ့ ကျေးလက်ကျန်းမာရေးမှူး ထွက်စာတင်ပြီး တိမ်းရှောင်ထွက်ပြေး

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်မှာ ရှေ့တန်းပို့ခံရတဲ့ Non CDM ကျန်းမာရေးမှူး အမျိုးသားတဦးဟာ ထွက်စာတင်ပြီး တိမ်းရှောင်ထွက်ပြေးသွားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

တိမ်းရှောင်ထွက်ပြေးသွားသူမှာ နတ်တလင်းမြို့နယ်၊ ပေါက်တုန်းရွာ ကျန်းမာရေးဌာနက အသက် ၃၀ နှစ် ဝန်းကျင်အရွယ် ကျန်းမာရေးမှူး ဦးစည်သူဇော် ဖြစ်ပြီး မေ ၇ ရက်က တိမ်းရှောင်သွားတာလို့ ဆိုပါတယ်။

“အဲဒီ ကျန်းမာ‌ရေးမှူးက ရှေ့တန်းလိုက်ပြီး ကျန်းမာ‌ရေးစောင့်ရှောက်မှုပေးရမယ် စာထွက်လာလို့ ထွက်စာ တင်ပြီး ဖုန်းပိတ်ထွက်ပြေးသွားတာ။ ဘာအဆက်အသွယ်မှ မရတော့ဘူး။” လို့ နတ်တလင်းမြို့နယ်က ကျန်းမာရေးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကျန်းမာရေးမှူး ထွက်ပြေးသွားတာနဲ့ ပတ်သက်ပြီး ရွာဘက်က‌ ကျန်းမာ‌ရေးမှူးတွေနဲ့ မြို့ပေါ်က ဆရာဝန်တွေ စကားများတာတွေဖြစ်ခဲ့ပြီး ဘယ်ကိုတိမ်းရှောင်ထွက်ပြေးသွားတာလဲလို့တော့ မသိရဘူးလို့ သူကဆက်ပြောပါတယ်။

ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့က ဒေသခံတဦးကလည်း ကျန်းမာရေးမှူးတွေကို ရှေ့တန်းကို ခေါ်ရာမှာ အသက်အရွယ် ကြီးရင့်သူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

“ဝက်ထီးကန်က အသက် ၆၁ နှစ် အရွယ် ကျန်းမာရေးမှူးလည်း ရှေ့တန်းလိုက်သွားရတယ်။ ရှမ်းပြည်ကို ခေါ်သွားတာပါ။ အဲဒါကြောင့်  ပင်စင်ယူကာနီးတွေနဲ့ ကျန်းမာ‌ရေးချို့ယွင်းနေတဲ့ Non CDM ကျန်းမာရေးမှူးတွေပါ စိုးရိမ်နေကြတယ်”လို့  ပြောပါတယ်။ 

စစ်ကောင်စီတပ်မှာ တိုက်ခိုက်ရေးဘက်က ထိခိုက်သေဆုံးသူနဲ့ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတွေ အများအပြားရှိနေသလို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ဗိုလ်မှူးအဆင့်တွေပါ ထွက်ပြေးနေတာကြောင့် ရှေ့တန်းစစ်မျက်နာမှာ ဆေးတပ်သားတွေလည်း လိုအပ်နေတာလို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က CDM လုပ်လာတဲ့  ဗိုလ်မှူးတဦးဆီက သိရပါတယ်။

ပုံစာ - နတ်တလင်းမြို့နယ်က ကျန်းမာရေး ဝန်ထမ်းများ။(ပုံဟောင်း)

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #နတ်တလင်း #ရှေ့တန်း #NanCDM #ကျန်းမာရေးမှူး #အမျိုးသား #ထွက်စာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10