လက်ပံတန်းမြို့နယ်က နယ်မြေရဲကင်းစခန်း တိုက်ခိုက်ခံရလို့ စစ်သားထိခိုက်သေဆုံးမှုရှိ

လက်ပံတန်းမြို့နယ်က နယ်မြေရဲကင်းစခန်း တိုက်ခိုက်ခံရလို့ စစ်သားထိခိုက်သေဆုံးမှုရှိ

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်က နယ်မြေရဲကင်းစခန်းတခုကို ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဂဠုန်တပ်ဖွဲ့ (သာယာဝတီ)က နို၀င်ဘာ ၂၃ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအင်အား  ၅၅ ဦးခန့်ရှိတဲ့ လက်ပံတန်းမြို့နယ်၊ မှော်အင်းတိုက်နယ်၊ သာယာကုန်းရွာနယ်မြေရဲကင်းစခန်းကို နိုဝင်ဘာ ၂၂ ရက် မနေ့မနက် ၅ နာရီလောက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပူးပေါင်းကာ ၃ နာရီကြာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကင်းစခန်းရှေ့မှာရှိနေတဲ့ ၇ ဦးကိုတော့ သုတ်သင်နိုင်ခဲ့တယ်။ ဘန်ကာထဲမှာ စစ်အုပ်စုဘက်က ရှိနေသေးတော့ စခန်းကိုတော့မသိမ်းနိုင်ခဲ့ဘူး၊ ညနေပိုင်းမှာတော့ အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို လူနာတင်ကားနဲ့ ဆွဲထုတ်(သယ်သွား)သွားတာကို သတင်းပြန်ရတယ်။”လို့ ဂဠုန်တပ်ဖွဲ့ရဲ့ ပြောခွင့်ရသူတဦးက ပြောပါတယ်။

မနေ့ကညနေပိုင်းမှာပဲ အဲဒီကင်းစခန်းကနေ လက်နက်ကြီးတွေနဲ့ ပတ်ဝန်းကျင်ကိုပစ်ခတ်မှုတွေကြောင့် ‌လက်နက်ကြီးကျည် နေအိမ်တွေပေါ်ကို ကျရောက်တာတွေလည်းရှိတယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ခိုက်မှုအ‌တွင်း ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဘက်က ရဲဘော် ၂ ဦးလည်း အနည်းငယ်ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူနဲ့ စစ်ကူတွေလာတဲ့အတွက် သာယာကုန်းကင်းစခန်းကနေ ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်ကပစ်တဲ့ လက်နက်ကြီးကျည်အချို့က အရပ်သားနေအိမ်တွေထိခိုက်တာတွေရှိသလို ပြည်သူအချို့သေဆုံးတာတွေလည်းရှိတယ်လို့ ရေးသားထားပါသေးတယ်။

ဒီတိုက်ခိုက်မှုကို ဂဠုန်တပ်ဖွဲ့(သာယာဝတီ)၊ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(လက်ပံတန်း)၊ တပ်ရင်း ၃၈၀၂ က တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၃ အပြင် တပ်ရင်း ၃၈၀၃ တို့ပူးပေါင်းတိုက်ခဲ့တာလို့  သိရပါတယ်။

ပြီးခဲ့တဲ့ဩဂုတ် ၂၄ ရက်ကလည်း လက်ပံတန်းမြို့နယ်၊ ရေငံရွာကို စစ်ကြောင်းထိုးလာတဲ့အင်အား ၁၀၀ ဦးခန့်ပါစစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့  စစ်သုံ့ပန်း ၁၀ ဦးနဲ့လက်နက်မျိုးစုံ ၃၀ ကျော်နဲ့ ကျည်မျိုးစုံကို သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။

ပုံစာ - လက်ပံတန်းရေငံရွာအနီးကိုစစ်ကြောင်းထိုးလာတဲ့ စစ်​ကောင်စီတပ်ကို  တိုက်ခိုက်ခဲ့တဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #လက်ပံတန်း #တိုက်ခိုက် #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10