လက်ပံတန်းမှာ တိုက်ပွဲပြင်းထန် ဗိုလ်မှူးအဆင့် ၁ ဦးအပါ ၂၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦးဖမ်းမိ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာက ဗိုလ်မှူးအဆင့် ၁ ဦးအပါ ၂၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦးဖမ်းမိကာ လက်နက်မျိုးစုံနဲ့ ကျည်ဆန်တွေ သိမ်းနိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် ဒူးယားက ပြောပါတယ်။

မင်းလှမြို့နယ်က  အင်အား ၁၀၀ ဦးခန့်နဲ့ ခြေလျင်လာတဲ့ စစ်ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်း စစ်ကောင်စီတပ်စစ်ကြောင်းကို ဆင်တလင်းအုပ်စု၊ အုတ်ဖိုစုရွာအနောက်ဘက်ထိပ်ကနေ  ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဩဂုတ် ၂၄ ရက် မနက် ၁၀ နာရီခွဲကျော်လောက်မှာ တိုက်ခိုက်ခဲ့ရာ ၃ နာရီခန့် ကြာမြင့်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၂၀ ဦးမှာ ဗိုလ်မှူးအဆင့် ၁ ဦး၊ ဗိုလ်ကြီးအဆင့် ၁ ဦး၊ ရဲအုပ်အဆင့် ၁ ဦးနဲ့ ဒုရဲအုပ်အဆင့် ၂ ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းကနေ G 3 ၁၉ လက်၊ G 4 ၁ လက်၊ 40 mm ၂ လက်၊ MA 1 ၃ လက်၊ MA 3 ၂ လက်၊ MA 12 ၁ လက်၊ MA 2 (MK-11) ၁ လက်၊ ပစ္စတို MA 5 ၁ လက်အပါ စုစုပေါင်း လက်နက်မျိုးစုံ ၃၀၊  G 3 ကျည် ၁၉၆၃ တောင့်၊ MA ကျည် ၁၇၈ တောင့်၊ 9 mm ကျည် ၂၀၀ တောင့်အပါ စုစုပေါင်း ကျည်မျိုးစုံ ၂၃၄၁ တောင့်၊ ကျည်ဘောက်မျိုးစုံ ၆၅ ခု၊ ငွေသားကျပ် ၂၅ သိန်းကျော်နဲ့  ဖုန်း ၈ လုံးသိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီတိုက်ခိုက်မှုမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃၊ တပ်ခွဲ ၅၊ တပ်ခွဲ ၆ နဲ့ တပ်ရင်း ၃၈၀၃ တို့ ပူးပေါင်းခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေအားလုံး အန္တရာယ်ကင်းခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲအပြီးမှာ အဲဒီစစ်ကြောင်းဟာ ထန်းပင်ချောင်းရွာဘက်ကို ဆုတ်ခွာသွားပြီး အင်အားဖြည့်တင်းထားကာ  တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၃ က ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်ကလည်း ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်အနီး၊ ကံကြီးကုန်းရွာမှာ အမည်မသိလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်လို့  စစ်အုပ်စုဘက်က ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ပဲခူးတိုင်း #လက်ပံတန်း #စစ်ကြောင်း #တိုက်ပွဲ #သယာဝတီခရိုင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10