လက်ပံတန်းမှာ စစ်ကောင်စီတပ်နဲ့ PDF တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ထိခိုက်မှုရှိ

လက်ပံတန်းမှာ စစ်ကောင်စီတပ်နဲ့ PDF တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ထိခိုက်မှုရှိ

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်အပိုင်ထဲကို တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာက နှစ်ဘက်ထိခိုက်မှုရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ က သတင်းထုတ်ပြန်ထားပါတယ်။

လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမပေါ်ကို ရေငံရွာကနေ ခြေလျင်တက်လာတဲ့ အင်အား ၁၀၀ ဦးကျော်ပါ စစ်ကြောင်းကို ဩဂုတ် ၂၇ ရက် မနေ့ညနေ ၄ နာရီလောက်က တောင်တန်းမြိုင်ကျေးရွာအနီးကနေ ဒေသခံတော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခန့်ကြာမြင့်ကာ တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးပစ်ကူပေးတဲ့အပြင် ဒရုန်းနဲ့  ဗုံးကြဲတိုက်ခိုက်မှုတွေပါ ပြုလုပ်လာတဲ့အတွက် ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲက အသာစီးရပြီး အလောင်းတွေလည်း မြင်နေရပြီ။ လက်နက်ကောက်မလို့လုပ်တဲ့ အချိန်မှာ သူတို့ဘက်က လက်နက်ကြီးတွေ ဒရုန်းတွေနဲ့တိုက်ခိုက်လာလို့ ကျနော်တို့တပ်ခွဲမှူးတဦးလည်း ဒဏ်ရာရသွားတယ်၊ အဲဒါနဲ့ နောက်ပြန်ဆုတ်ခဲ့ရတာ။” လို့  တပ်ရင်း ၃၈၀၂ ရဲ့သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော်ဒူးယားက ပြောပါတယ်။

စစ်ကောင်စီဘက်က အသုံးပြုတဲ့ဒရုန်းတစင်းကိုလည်း တော်လှန်‌ရေးတပ်ဖွဲ့တွေဘက်က ပစ်ချနိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ရဲ့ တပ်ခွဲ ၂၊ တပ်ခွဲ ၃၊ တပ်ခွဲ ၆ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီဂဠုန်တပ်ဖွဲ့ နဲ့ မိုးညိုမြို့နယ်နဲ့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

တိုက်ပွဲအတွင်း ပူးပေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၁ ဦးဒဏ်ရာရပြီး စစ်ကောင်စီဘက်က ၂၀ ဦးကျော်သေဆုံးကာ အဲ့ဒီသေဆုံးသူတွေထဲမှာ တပ်ရင်းမှူးအဆင့် တာဝန်ယူထားသူ ၁ ဦးပါဝင်ကြောင်း သိရတဲ့အတွက် ဆက်လက်စုံစမ်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီစစ်ကောင်စီအဖွဲ့တွေဟာ တိုက်ခိုက်ခံရပြီးနောက် လက်ပံတန်းမြို့နယ်ထဲက အုတ်ဖိုစုရွာနဲ့ ရေငံရွာကိုလည်း မီးရှို့ခဲ့လို့ နေအိမ် ၁၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ပါသေးတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်ကလည်း လက်ပံတန်းမြို့နယ်၊ ဆင်တလင်းအုပ်စု၊ အုပ်ဖိုစုရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ၃ နာရီကြာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အထိနာခဲ့တာကြောင့် ပြန်လည်ထိုးစစ်တွေပြုလုပ်နေတာဖြစ်ပြီး ဆက်လက်ပြီးလည်း တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #လက်ပံတန်း #တိုက်ပွဲ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10