လုံလောက်တဲ့ဆေးကုသခွင့်မရလို့  မြေလတ်ဒေသက အကျဥ်းသား ၇ ဦးအပါ ၁၂ ဦး သေဆုံး

လုံလောက်တဲ့ဆေးကုသခွင့်မရလို့  မြေလတ်ဒေသက အကျဥ်းသား ၇ ဦးအပါ ၁၂ ဦး သေဆုံး

အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လအတွင်း အကျဥ်းထောင်တွေမှာ လုံလောက်တဲ့ဆေးကုသခွင့် မရရှိတဲ့အတွက် စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းအတွင်းရှိ အကျဥ်းသား ၇ ဦးအပါအဝင် နိုင်ငံတဝန်း အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသား ၁၂ ဦးသေဆုံးခဲ့ရတယ်လို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM က အောက်တိုဘာ ၁ ရက်မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်က ၃ ဦးနဲ့ ပြည်ထောင်က ၁ ဦး၊ မကွေးတိုင်း၊ မကွေးထောင်က ၁ ဦးနဲ့ သရက်ထောင် က ၁ ဦး၊ စစ်ကိုင်းတိုင်း၊ ကလေးထောင်က ၁ ဦး၊ မွန်ပြည်နယ်၊ ကျိူက်မရောထောင်က ၂ ဦးနဲ့ သထုံထောင်က ၁ ဦး၊ ရန်ကုန်တိုင်း၊ အင်းစိန်ထောင်က ၁ ဦး၊ မန္တလေး တိုင်း၊ အိုးဘိုထောင်က ၁ ဦးတို့ သေဆုံးခဲ့ကြတာပါ။ 

အဲဒီအထဲမှာ  နိုင်ငံရေးအကျဉ်းသား ၉ ဦးနဲ့ အကျဉ်းသူ ၂ ဦးအပြင် CDM ရဲ (ရဲပြေးမှုနဲ့တရားစွဲဆို ထားသူတဦး) အပါ စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့တာလို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

"မိသားစုကပေးပို့တဲ့ ဆေးဝါးတွေကိုကန့်သတ်တာ၊ လက်ခံတဲ့ဆေးဝါးတွေက အကျဉ်းသားတွေဆီကို တိုက်ရိုက်မရောက်တာ၊ ဆရာဝန်အင်အားမလုံလောက်တာ၊ လုံလောက်တဲ့ဆေးဝါးအလုံအလောက်မရလို့ သေဆုံးတာနဲ့ ထောင်အတွင်းကျန်းမာရေးနဲ့စားသောက်ရေးမှာ အဟာရပြည့်ဝမှုမရှိတာ ထောင်အတွင်း ကြပ်ကြပ်ညပ်ညပ်နဲ့ နေကြရတာကြောင့်ရောဂါတွေဖြစ်လာပြီး အချိန်မီဆေးကုခွင့်မရဘဲ သေဆုံးရတာ”လို့ PPMN အဖွဲ့ဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဒါ့အပြင် အကျဉ်းထောင်အတွင်းဖြစ်တဲ့ရောဂါကို ပြင်ပဆေးရုံမှာကုသခွင့်ရဖို့အတွက် အချိန်ကြာမြင့်စွာ စောင့်ကြရတာ၊ လူသုံးထောင်လောက်ရှိတဲ့ ထောင်တွေမှာ ဆရာဝန် ၃ ဦးခန့်သာရှိတာ၊ လူမလုံလောက်ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးပေါ်ဖြစ်တဲ့အချိန်တွေမှာ ဆရာဝန်တွေအချိန်မီ‌ရောက်မလာတဲ့အတွက်လည်း နိုင်ငံရေးအကျဉ်းသားတွေသေဆုံးကြရတာဖြစ်ပြီး အားလုံးဟာ ထောင်ကျခံနေရသူတွေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ကျိုက်မရောအကျဉ်းထောင်အတွင်း ပုဒ်မ ၅၄၊ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ်တသက်ချမှတ်ခံထားရတဲ့ အသက် ၄၃ နှစ်အရွယ် ကိုရာရှင်(ခ) ကိုဟာရှင်ဟာ စစ်ကြောရေးမှာရရှိတဲ့အတွင်းဒဏ်ရာကို ဆေးကုသခွင့်မရတဲ့အတွက် ဇန်နဝါရီ ၁၂ ရက်မှာ သေဆုံးခဲ့ပြီး၊ အဲဒီထောင်ထဲမှာပဲ ဇန်နဝါရီ ၁၆ ရက်မှာ ပုဒ်မ ၅၂ (က) နဲ့ ထောင် ၇ နှစ်ကျခံနေရတဲ့ အသက် ၃၁ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်ဟာ လေထိုးလေအောင့်ရောဂါဖြစ်ချိန် ဆရာဝန်ရဲ့ပေါ့ဆမှုကြောင့် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် မကွေးထောင်မှာ ဇန်နဝါရီလ ၂၂ ရက်က ပုဒ်မ ၅၀ (ည)နဲ့ ထောင် ၁၅ နှစ်ချခံထားတဲ့ အသက် ၂၂ နှစ်အရွယ် မစုမေအောင်ဟာလည်း အသည်းနဲ့အဆုတ်ရောဂါကြောင့်သေဆုံးခဲ့ကာ အဲဒီလ ၂၃ ရက်မှာပဲ ကလေးထောင်မှာ ပုဒ်မ ၅၂ (က)၊ ၅၂ (ည)နဲ့ ထောင် ၁၄ နှစ်ကျခံနေရတဲ့ အသက် ၄၅ နှစ်အရွယ် ကိုကြည်ရအောင်ဟာ ဆရာဝန်တွေရဲ့ ပေါ့လျော့မှုကြောင့် သေဆုံးခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။  

 ဖေဖော်ဝါရီ ၄ ရက်မှာတော့ အိုးဘိုထောင်က ပုဒ်မ ၅၀၅ (က) နှစ်မှုနဲ့ ထောင် ၆ နှစ်ချထားတဲ့ အသက် ၃၅ နှစ်အရွယ် မယဉ်မိုးကျောက်ကပ်ရောဂါနဲ့သေဆုံးခဲ့သလို အဲဒီလမှာပဲ ဒိုက်ဦးအကျဉ်းထောင်မှာ ပုဒ်မ ၅၀၅/ ၁၂၄ နဲ့ ထောင် ၈ နှစ်ကျခံနေရတဲ့ အသက် ၆၈ နှစ်အရွယ်ဦးအေးဝင်း သေဆုံးခဲ့တာပါ။  

မတ်လ ၆ ရက်မှာ ဒိုက်ဦးအကျဉ်းထောင်က ပုဒ်မ ၅၂ (က)၊ ၅၀ (ည) နဲ့ ထောင် ၁၄ နှစ်ကျခံနေရတဲ့ အသက် ၆၄ နှစ်အရွယ်ဦးခင်စိုး စစ်ကြောရေးမှာရရှိတဲ့ အတွင်းကြေဒဏ်ရာနဲ့ဗိုက်အောင်ဝေဒနာအပေါ် လုံလောက်တဲ့ ဆေးကုသမှုမရလို့သေဆုံးခဲ့ပါတယ်။ 

အလားတူ အဲဒီထောင်ကပဲ ပုဒ်မ ၅၀ ညနဲ့‌အကျဉ်းကျနေတဲ့ အသက် ၃၂ နှစ်အရွယ် ကိုလင်းလင်းထွန်း (ခ) လယ်ဝေးဟာလည်း မေ ၁၁ ရက်ကမှာ သေဆုံးခဲ့ပြီး မကွေးတိုင်း သရက်ထောင်မှာလည်း ပုဒ်မ ၅၂ က/ ၅၁၈ နဲ့ အကျဉ်းကျခံနေရတဲ့ အသက် ၃၇ နှစ်အရွယ်ကိုညီညီကလည်း သွေးတိုးရောဂါနဲ့ ဇူလိုင် ၂၇ ရက်က သေဆုံးခဲ့ရပါတယ်။ 

ဒါ့အပြင် ရန်ကုန်တိုင်း အင်းစိန်ထောင်က ပုဒ်မ ၅၀၅ (က)၊ ၅၂ (က) တို့နဲ့ အကျဉ်းကျခံနေရတဲ့ အသက် ၄၅ နှစ်အရွယ် ကိုနေလင်းထိုက် အကျဉ်းထောင်တွင်း ဆေးဝါးလုံလောက်အောင်မရလို့ သေဆုံးခဲ့ပြီး  ဩဂုတ် ၂၈ ရက်ကလည်း ပြည်အကျဉ်းထောင်မှာ ရဲစည်းကမ်းနဲ့အဖမ်းခံထားရသူ CDM ရဲဝန်ထမ်း ကိုမျိုးသူဟာ ကျန်းမာရေး အရေးပေါ်ဖြစ်ချိန် ဆရာဝန်အချိန်မီမရောက်တဲ့အတွက် သေဆုံးခဲ့ရတာပါ။ 

အကျဉ်းထောင်တွေထဲမှာ လုံလောက်တဲ့ဆေးကုသခွင့်မရသလို ဥပဒေမဲ့ပြမူတာတွေလည်းရှိပြီး စက်တင်ဘာ ၁၉ ရက်က ဒိုက်ဦးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတဦးဆီက ပွတ်ချွန်းအခွံ (ဆေးလိပ်လိပ်ရာမှာ အသုံးပြုတဲ့စာရွက်) တွေ့တယ်ဆိုကာ အကျဉ်းထောင်ဝန်ထမ်း ၂ ဦးက ခန္ဓာကိုယ်ကိုရိုက်နှက်ကာ၊ ဦးခေါင်းနဲ့မျက်နှာကို စစ်ဖိနပ်နဲ့နင်းကာ ခြေထောက်နဲ့ကန်တာတွေပြုလုပ်ခဲ့တယ်လို့ စက်တင်ဘာ ၁၉ ရက်မှာ PPMN က ထုတ်ပြန်ထားပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မြေလတ်ဒေသ #အကျဥ်းထောင် #အကျဥ်းသား #သေဆုံး #လုံလောက်စွာဆေးကုသခွင့်မရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10