လေကြောင်းအန္တရာယ်ကြောင့် မြိုင်ကပြည်သူ့အခြေပြုစာသင်ကျောင်းတွေနဲ့ ပညာရေးလုပ်ငန်းစဉ်အားလုံး ယာယီရပ်နား

လေကြောင်းအန္တရာယ်ကြောင့် မြိုင်ကပြည်သူ့အခြေပြုစာသင်ကျောင်းတွေနဲ့ ပညာရေးလုပ်ငန်းစဉ်အားလုံး ယာယီရပ်နား

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ပြည်သူ့အခြေပြုစာသင်ကျောင်းတွေနဲ့ ပညာရေးလုပ်ငန်းစဉ်အားလုံးကို ယာယီရပ်နားထားဖို့ မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့က မေ ၁၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

မေ ၁၂ ရက် မနေ့ကစပြီး ပြည်သူ့အခြေပြုကျောင်းတွေ၊ ပညာရေးလုပ်ငန်းစဉ်တွေနဲ့ သင်တန်းအားလုံးကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်ပြီး ပြန်ဖွင့်မယ့်ကာလကတော့ မသတ်မှတ်ရသေးဘူးလို့ ဆိုပါတယ်။ 

“ စကစက စာသင်ကျောင်းတွေလည်းမရှောင်၊ ဘုန်းကြီးကျောင်းတွေလည်းမရှောင် ပစ်ခတ်နေတာ။ တခြားမြို့နယ်တွေမှာလည်း စာသင်ကျောင်းတွေ ပစ်ခတ်နေတာတွေ့နေရတယ်။ လတ်တလောလေကြောင်းကနေ ခပ်စိပ်စိပ်ပစ်ခတ်နေတာတွေက မြိုင်နယ်၊ ပေါက်နယ်စပ်တွေမှာလည်းရှိနေလို့ စိုးရိမ်လို့ ယာယီနားလိုက်တာပါ” လို့ မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင် ကျောင်းဆရာတဦးက ပြောပါတယ်။

စာသင်ကျောင်းတွေ ရပ်နားထားစဉ်အတွင်းမှာ လေကြောင်းအန္တရာယ်ရှောင်ရှားနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးမှုတွေလည်း အရင်ကထပ်ပိုပြီး ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မေ ၄ ရက်မှာ မြိုင်မြို့နယ်နဲ့ကပ်လျက် ပေါက်မြို့နယ်ထဲက စစ်ရှောင်ကလေးငယ် ၁၈၀ ကျော်အတွက် ဖွင့်လှစ်ထားတဲ့ "သုည"Federal School စာသင်ကျောင်းကို လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချခဲ့လို့ စာသင်ကျောင်းပေါ်တည့်တည့်နဲ့ အနီးတဝိုက်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စာသင်ဆောင်အားလုံးနဲ့ နေအိမ် ၂ လုံး ပျက်စီးကာ အမျိုးသား ၁ ဦး ဗုံးစမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် မေ ၉ ရက်မှာ ဆောမြို့နယ်၊ အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းကို ဗုံး ၄လုံး၊ မေ ၁၁ ရက်မှာ ဒီပဲယင်းမြို့နယ်၊ မန်ကျည်းအုပ်ရွာ စာသင်ကျောင်းကို ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး အဆိုပါလေကြောင်းတိုက်ခိုက်မှု ၂ ခုအတွင်း လူ ၃၀ ကျော် သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #မြိုင် #ပြည်သူ့အခြေပြုကျောင်း #လေကြောင်းရန် #ကျောင်းပိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10