လွန်ကြိုးပြတ်သော်လည်း မိုးမဆက်ပါ

လွန်ကြိုးပြတ်သော်လည်း မိုးမဆက်ပါ

ယင်းမချောင်း ရွာတောင်ပိုင်း ရေကန်ဘောင်နှင့် မြေတလင်းကွင်းပြင်တွင် ရွာသားများ စုစုဝေးဝေးရောက်ရှိနေသည်။ မိဘဂုဏ်ကျေးဇူး အမည်ရေးထိုးထားသည့် လော်စပီကာ နှစ်လုံးကိုလည်း ခြောက်ကပ်နေသည့် ဆူးပင်၏ ပင်စည်ရိုးတံတွင် ချိတ်ဆွဲထားကြသည်။ ရွာဒိုးပတ်အဖွဲ့က ပတ်မကို အားကောင်းမောင်းသံထုနှက်ရင်း ဗိန်းမောင်းသံနှင့် လူစုကို မြှောက်ထိုးပင့်ကော် လုပ်လိုက်ကြသည်။ 

ရွာလူကြီးတချို့နှင့် အမျိုးသမီးကြီးတသိုက်ကတော့ မြေကန်သင်းတွင် တာလပတ်စ ခင်းသူခင်း ဖိနပ်ခုသူခုဖြင့် တရားနာရန် စုရုံးနေကြသည်။ ခြုံလွှာချည်တပတ်ပါး ခေါင်းပေါင်းသူနဲ့ သနပ်ခါးဘဲကြားကွက်ကြသူတို့ ခဏတာ စိတ်သက်သာရနေသည့် အချိန်လည်းဖြစ်မည်။ ယောင်္ကျားကြီးတချို့ကတော့ စွပ်ကျယ်ဖြူဂျိုင်းပြတ်နှင့်သာ ပူရှာကြလိမ့်မည်ထင်သည်။ ပူလို့သာပူနေသည် အချိန်ရာသီက ဇူလိုင်လဆန်း မြန်မာလ ဝါဆိုလ။ စကားပုံအရတော့ “ဝါဆိုဝါခေါင် ရေဖောင်ဖောင်” နှင့် မိုးရွာရေကြီးရမည့် ကာလပေါ့။

မကြာခင်မှာပဲ တရားနာတော့သည်။ ဒိုးပတ်အဖွဲ့က ခဏတိတ်ဆိတ်ငြိမ်သက်ပေးကြသည်။ တရားသံတွင် အေးငြိမ်းမှုတို့ တွေ့ကောင်းတွေ့နိုင်သလို အဓိဌာန်ပြည့်ရန် အာရုံကို စူးစိုက်နေကြတာလည်း ဖြစ်မည်။ ပင့်ဖိတ်ထားသည့် သံဃာတော်တို့ကလည်း ငါးပါးသီလစောင့်တည်ဖို့နှင့် အန္တရာယ်ကင်းပရိတ် တို့ကို ရွတ်ဖတ်ပေးနေကြသည်။ အဓိကကတော့ ငါးရံ့မင်းပရိတ်ကို ရွတ်ဖတ်ပေးကြခြင်းပင်။

မလှမ်းမကမ်းတနေရာတွင်တော့ လွန်ကြိုးသုံးလေးချောင်းကို ဆန့်တန်းထားသည်။ မိုးခေါင်ကျော်စွာနတ်အတွက်လည်း အုန်းပွဲငှက်ပျောပွဲကို ပြင်ဆင်ထားသည်။ လွန်ဆွဲကြမည့် ရွာကာလသား ကာလသမီးတို့က ပုဆိုးတိုတို လုံချည်တိုတိုဖြင့် အသင့်၊ ကလေးငယ်တသိုက်ကလည်း ခုန်ပျောက်ပြေးလွှားလို့ စိတ်ဝင်တစားဖြင့် စောင့်ဆိုင်းနေကြသည်။ လွန်ဆွဲကြတော့မည်။ မိုးကိုခေါ်ကြတော့မည်။ ယာမြေဖုံဖုံကတော့ ထွန်ရေးညက်လှပါဘိတယ်။

မေလလယ်တွင် တိုက်ိခုက်ခဲ့သည့် မိုခါမုန်တိုင်းအရှိန်နှင့် ရွာသွန်းခဲ့တာကလွဲလို့ ရာသီမုတ်သုန်မိုးက ယင်းမာချောင်းရွာရှိရာ ရေနံချောင်းမြို့လေးဆီကို လမ်းကြုံပင်ဝင်မနှုတ်ဆက်ပါ။ မိုခါမုန်တိုင်းမိုးရဲ့ အဆိုဓါတ်နှင့်ကျန်ခဲ့သည့် ယာမြေတွေပေါ်မှာ ထွန်ယက်မြေညှိပြီး မြေပဲ၊ နှမ်းနှင့် အခြားသော ယာသီးနှံများကို ဒေသခံတောင်သူတွေက ကြဲပတ်စိုက်ပျိုးခဲ့ကြရသည်။ အဲဒီနောက်မှာတော့ နှစ်လနီးပါးကြာအောင်ပင် မိုးက မရွာတော့ပါချေ။ မျှော်သည့်မိုးကမလာတော့ ခေါ်ကြရဖို့ တောင်သူတို့ ပြင်ဆင်ခဲ့ကြရခြင်းဖြစ်သည်။ 

“မိုခါမုန်တိုင်းမိုးပြီးကတည်းက မရွာတာ။ ဒီနှစ်က နှစ်တိုင်းထက် မိုးကခေါင်တယ် ပြောရမယ်။ မိုးလယ်က နှစ်တိုင်းဒီလောက်မခွါဘူး။” ဟု ယင်းမချောင်းရွာက အမျိုးသားကြီးတဦးက သူ့အတွေ့အကြုံကို ပြောပြသည်။ သူက လွန်ဆွဲပွဲစီစဉ်သူများထဲတွင်လည်း ပါဝင်နေသူဖြစ်ပြန်သည်။

မကွေးတိုင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတလျှောက် သွားခဲ့ကြသူတိုင်း မြင်ဖူးကြမည်။ အောင်လံမြို့ကိုလွန်သည်နှင့် လမ်းဘေးဝဲယာတလျှောက်က ယာခင်းများနှင့် ထန်းပင်ထန်းတောများ၊ ဇီးပင်အုပ်လေးများနှင့် ထနောင်းပင်များတို့က မြင်တွေ့ကြမည်ဖြစ်သည်။ 

မကွေးမြို့ကိုလွန်ရင်တော့ ထွန်ရေးညက်နေသည့် ယာခင်းသဲမြေပွပွမှာ မြေပဲနှင့်နှမ်းများ အများအပြား စိုက်ထားကြသည်။ ထန်းပင်တို့က စည်းရိုးများသဖွယ် ခတ်ထားကြပြန်သည်။ ဒေါင်းနေချောင်းကို ကျော်လွန်ရင်တော့ တောင်ကုန်းတောင်စောင်းများနှင့် ရေနံချောင်းမြို့ ဂွေးပင်၊ ဂွေးချို မရောက်ခင်ထိ ညောင်မုတ်ဆိတ်ပင်ကြီးများနှင့် ထန်းလျက်ဖိုတဲလေးတွေ ထန်းရည်ချိုဆိုင်လေးများကို တွေ့ရမည်။ ရေနံစင်တို့ကတော့ ထိုးထိုးထောင်ထောင်နှင့် နှစ်ပေါင်းရယ်ကြာခဲ့ပြီ။ 

ရွာကလေးများက ဧရာဝတီမြစ်ဘက်ကို မရောက်ကြသည့် ရွာကလေးများကတော့ ကုန်းပြောင်ပြောင် တောင်ကတုံးများကြား ရေရနိုင်မည့် မြေပြန့်လွင်ပြင်လေးများထဲတွင် တည်ရှိသည်ကများသည်။ ကြည့်လေရာ သဲမြေပွပွနှင့် မိုးခေါင်ရေရှားမှာ မြေပဲ၊ နှမ်း၊ ဝါ၊ ပဲစင်းငုံ တို့ကိုသာ အဓိကထား စိုက်ပျိုးကြသည်။

နှစ်ပေါင်းများစွာ မိုးခေါင်မှုဒဏ်ကို ခံစားခဲ့ကြရသည်။ မိုးရွာရေကြီးပါကလည်း တဟုန်ထိုးဆင်းလာပြီး မိုးပျောက်ရေပျောက်သွားသည့် သဲမြေဆန်ဆန်ရယ်ကြောင့် နွေအခါဆို ရေအတွက် ရတက်မအေးကြရပါ။ ပြောင်းလဲလာသော ရာသီဥတုမှာတော့ နွေတင်မက မိုးရာသီမှာပါ ရေရှားလာပြီဖြစ်သည်။

“အခုကတော့ ရာသီဥတုအခြေအနေကို ကြည့်ပြီး သီးနှံချနေရတာပဲ။ တချို့နေရာတွေကတော့ စစ်ဖြစ်ရင်လည်း ပြေးကြရတော့ စိုက်ပျိုးချိန်နဲ့ စိုက်ပျိုးသီးနှံက မမှန်ဘူးရယ်။ အရင်ကတော့ အဒေါ်တို့ဖက်မယ် ဝါဆိုတာ ဖွေးနေအောင်စိုက်တာ။ အခု အစိုက်နည်းတယ်။ အားထားစိုက်တာကတော့ မြေပဲတမျိုးပဲ။ နှမ်းလည်း စိုက်တော့စိုက်ကြတယ်။ ဒီနှစ်က မိုးလည်းနောက်ကျတော့ ထွန်ထားပြီး မစိုက်ရသေးဘူး” ဟု မကွေးမြို့နယ်၊ ကျေးရွာတရွာက အမျိုးသမီးတဦးက ဆိုသည်။

ယခင်ကတော့ မြန်မာနိုင်ငံမှာ မိုးခေါ်လွန်ဆွဲပွဲများကို ပျော်ရွှင်စရာပွဲလမ်းသဘင်အဖြစ် ပြုလုပ်ခဲ့ကြဖူးသည့် အချိန်တို့ရှိခဲ့ဖူးပါသည်။ ယင်းမချောင်းရွာလေးကတော့ ထိုသို့မဟုတ်ပါ။ စိုက်ပျိုးရေးအတွက် ကူကယ်ရာမရှိသည့်အဆုံး ယုံကြည်ရာဓလေ့တခုကို ကူကယ်ရာ ကောက်ရိုးတမျှင်အဖြစ် ပြုလုပ်ခဲ့ကြသည့် လွန်ဆွဲပွဲသာဖြစ်သည်။

လွန်ဆွဲပွဲနှင့်ပတ်သက်၍ ယုံကြည်မှုဆင်းသက်ရာမှာ နတ်ကိုးကွယ်ယုံကြည်မှုက စတင်သည်ဟု ရှေးလူကြီးအဆက်ဆက်က ဆိုခဲ့ကြသည်။ စတင်ပြုလုပ်ခဲ့ကြသည့် နှစ်ကိုတော့ ခန့်မှန်းပြောဆိုမှုများ မသေချာသော်လည်း တကျောင်းတဂါထာ တပုဒ်ဆန်းဆိုသလိုပင် ဒေသအလိုက် ကွဲလွဲမှုလေးများ အနည်းအကျဉ်းရှိကြသည်။ ရာဇဝင်လာ ဖြစ်ရပ်များဖြစ်သည့်အလျောက် ပါးစပ်ပြောများဖြင့် အဆင့်ဆင့်သယ်ဆောင်လာကြရာ မိရိုးဖလာဓလေ့နဲ့ တိုက်ဆိုင်မှုတို့အပေါ် တောသူတောင်သားများ ဆက်လက်ပြုလုပ်ကာ မျှော်လင့်ချက် ထားနေခြင်းသာ။

“ရှေးလူကြီးတွေက ပြောခဲ့တော့ လွန်ဆွဲပွဲတွေလုပ်ရတယ်။ မိုးခေါင်ကျော်စွာနတ်တင်ရတယ်။ ငါးရံ့မင်းပရိတ် ရွတ်ရတယ်ဆိုတော့ လုပ်တာပေါ့။ လုပ်တာ ၄ နှစ်လောက်ရှိပြီ။ ဟိုတုန်းကတော့ လုပ်ပြီး မိုးကတန်းရွာတာပဲ အခုနှစ်တော့ မိုးကိုမရွာသေးဘူး။”ဟု ယင်းမပင်ရွာသားတဦး ကပြောသည်။

မိုးခေါင်ကျော်စွာနတ်က အခြား နတ်ကိုးကွယ်ယုံကြည်မှုများလို ရာဇဝင်တဝက်၊ ဒဏ္ဍာရီပုံပြင်များလိုပင်။ ဤနေရာတွင် မိုးခါင်ကျော်စွာနတ်အကြောင်းကို အကျဉ်းသာဆိုချင်သည်။ မိုးခေါင်ကျော်စွာနတ်အကြောင်း အကျယ်တဝင့်ဖတ်ရှုလိုပါက ရှာဖွေဖတ်ရှုနိုင်မည်ဖြစ်သည်။ မိုးခေါင်ကျော်စွာနတ်က ပုဂံမင်း နရသူ လက်ထက်တွင် ပေါ်ပေါက်ခဲ့သည်ဟုဆိုသည်။ မြန်မာရာဇဝင်တွင် နာမည်ကြီးလှသည့် ရှင်အဇ္ဇဂေါဏ နှင့် ဘုရင်တို့ကြား အဂ္ဂိရိတ်ပညာ ရွှေငွေရလိုမှု ကျော်ကြားလိုမှုတို့ကနေ မိုးခေါင်ကျော်စွာနတ်ဖြစ်လာမည့် ကျော်စွာနှင့် သူ၏သားဖြစ်သူတို့က ကြားညပ်ကာ ကွပ်မျက်ခံလိုက်ရရာက စတင်သည်။

ကွပ်မျက်ခံရပြီး နတ်ဖြစ်သွားသောကျော်စွာက ဘုရင်နှင့်မှူးမတ်များအပေါ် အငြှိုးထားကာ ပုပ္ပားတောင် ကနေ ပုဂံပြည်ကြီးတွင် ရွာသွန်းမည့် မိုးသားများကို တားဆီးကာ မိုးခေါင်အောင် လုပ်ခဲ့သည်ဟု ဆိုသည်။ နောက်ပိုင်းတွင် ဘုရင်က မှားယွင်းကြောင်း တောင်းပန်ချိန်တွင် အများပြည်သူသိရှိအောင် လွန်ဆွဲတောင်းပန်ပြီး မိုးခေါင်ကျော်စွာနတ်က လွန်ကြိုးအလယ် လွန်ခေါင်းတွင် ထိုင်ခဲ့သည် ဟု ဆိုထားသည်။ ထို့ကြောင့် နောက်ပိုင်းလွန်ဆွဲပွဲများတွင် လွန်ခေါင်းအပ်ပွဲ အပ်ကြရသည်ဟုလည်း ဆိုထားသည်။

နတ်ကိုးကွယ်ယုံကြည်မှုများက ယနေ့ မျက်မှောက်ခတ်တိုင်အောင်ပင် မြို့ပြများကြားမှာ အားကောင်းမောင်းသန် စိမ့်ဝင်ပျံ့နှံ့ သက်ဝင်ယုံကြည်နေကြဆဲ ဖြစ်သည်။ တောသူတောင်သားများ အဖို့ကတော့ ဓလေ့ထုံးထမ်းများအပြင် ဘာသာရေးနှင့် နတ်ကိုးကွယ်ယုံကြည်မှုတို့က တတန်းထဲတွင် ရှိနေသည်။ မည်သို့ပင်ဆိုစေကာမူ အများစု၏ ခဏတာစိတ်သက်သာရာနှင့် အားကိုးအားထားရာအဖြစ် လွန်ဆွဲပွဲကို ယင်းမချောင်းရွာလေးမှာ ပြုလုပ်ခဲ့ကြပါသည်။

ဒေသအလိုက် ယုံကြည်မှုများအရ ယင်းမချောင်းရွာလေးမှာလည်း သူတို့ယုံကြည်ထားသည့် လွန်ဆွဲပွဲရဲ့ အဓိကပန်းတိုင် အနှစ်သာရလေးရှိနေသည်။ ထိုအရာက လွန်ကြိုးပြတ်မှ မိုးရွာမှာပင်ဖြစ်သည်။ ဆိုခဲ့သလိုပင် ရှေးလူကြီးများ၏ ပြောစကားပင်ဖြစ်သည်။ ရွာမှာအသုံးပြုသည့် လွန်ကြိုးက နွယ်ကြိုးအတုတ်ကြီးဖြစ်ရာ နှစ်ဖက်ခြေကန်ဆွဲယုံဖြင့် ပြတ်နိုင်သည့်အမျိုးတော့လည်း မဟုတ်ပါ။ ထိုနေရာတွင် ဒေသခံရွာလူကြီးများ ဉာဏ်ကောင်းသည်ဟုဆိုရမည်။ နှစ်ဖက်ဆွဲကြမည့် လွန်ကြိုးအလယ်ကို ကွဲသွားအောင်ထုထားပြီး ပြန်ကျစ်ပေးလိုက်ခြင်းပင်ဖြစ်သည်။

“လွန်ကြိုးပြတ်မှဆိုတော့ နွယ်ကြိုးကလည်းအတုတ်ကြီးဆိုတော့ မပြတ်ဘူးပေါ့။ အဲတော့ ကြီးတဲ့သူတွေက လွန်ကြိုးကိုပြတ်အောင် ထုပေးလိုက်တာ၊ အဲ့နေရာလေးကို လိမ်ရအောင် လုပ်ပေးလိုက်တာ။ အဖုအထစ်ဖြစ်သွားအောင် လိမ်ပြီးတော့ ဟိုဘက်ဒီဘက်ဆွဲတော့ ထုထားတော့ ပြတ်တာပေါ့ဗျာ။ လွန်ကြိုးပြတ်တော့ ပွဲသိမ်းတာပေါ့ အဲ့သဘောပါပဲ။”  ဟု ယင်းမာပင် ရွာလူကြီးတဦးက ဆိုသည်။

ရွာလေးမှာ လွန်ဆွဲပွဲကို အဖွဲ့လေးများခွဲကာ ဆွဲခဲ့ကြသည်။ ကလေးအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ အမျိုးသားများအဖွဲ့၊ အမျိုးသားနှင့် အမျိုးသမီးအဖွဲ့၊ လူငယ်နှင့်လူကြီးများအဖွဲ့ ရေကုန်ရေခမ်း ဆွဲကြပါသည်။ ဒိုးပတ်အဖွဲ့ကလည်း အားပေးအားမြှောက်ဗိန်းမောင်းတီးသည်။ 

အားပေးကြသူများကလည်း သူ့အဖွဲ့ကိုယ့်အဖွဲ့ဖြင့် လက်ခုပ်လက်ဝါးထားကာ အော်ကြဟစ်ကြသည်။ အားနည်းသူများဖက်က ဝင်ဆွဲပေးကြသည်များလည်း ရှိကြသည်။ ယာမြေညက်ညက်မှာ ဖုန်ကတော့ ထတောင်းတောင်း ထအောင်ပင် ဆွဲခဲ့ကြသည်။ မိုးခေါင်ကျော်စွာနတ်လည်း ပျော်မည်ထင်သည်။ ရွာသူ/ရွာသားများလည်း လွန်ဆွဲပွဲနှစ်ကြိမ်မှာ ခဏတော့ ပျော်ခဲ့ကြရပါသည်။ မိုးကတော့ မဆက်သေးပါ။

အချိန်ကာလတို့က ပုံမှန်ပင်ရွေ့လျားနေရာ စိုက်ချိန်ပျိုးချိန်တို့က ပုံမှန်လိုပင် ဆိုက်ရောက်လာတတ်မြဲ။ အခုနှစ်တွင်တော့ စိုက်ချိန်ပင်လွန်ခဲ့ပြီဖြစ်သည်။ ဇူလိုင်လ(ဝါဆိုလက) ရေနံချောင်း၊ ယင်းမချောင်း ဒေသအတွက် အရေးကြီးသည့်အချိန်။ ယခုလမျိုးမှာ အင်တိုက်အားတိုက်စိုက်ပျိုးကြသည့် ဝါဆိုပဲခေါ် မြေပဲများ စိုက်ဖို့ပြင်ဆင်ကာ မိုးကိုစောင့်မျှော်နေကြသည်။

“ကျနော်တို့ဘက်မှာက မြေပဲ၊ ပဲစင်းငုံနဲ့ နှမ်း၊ ဝါ စိုက်တယ်။ ဇူလိုင်လ ဝါဆိုပဲဆိုပြီး တရွာလုံးအားပြုစိုက်ကြတော့ မိုးမရွာလို့ အခုချိန်ထိ မစိုက်ရသေးဘူး၊ တခြားဟာတွေက ဝါဆိုပဲလောက် မများဘူး။”ဟု ရွာသားတဦးက ဆိုပါသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ မေလကနေ ဇူလိုင်လအထိ အင်အားသေးသည့် အယ်နီညိုဖြစ်စဉ်တခု ဖြစ်မည်ဟု မိုးလေဝသနဲ့ ဇလဗေဒက ခန့်မှန်းထားသည်။ အစွန်းရောက် သဘာဝဘေးတခုဖြစ်သည့် အယ်နီညိုက ပူပြင်းခြောက်သွေ့ ဖြစ်စဉ်တခုဖြစ်ပြီး မိုးရွာသွန်းမှုမူမမှန်ခြင်းနှင့် အပူချိန်မြင့်မားခြင်း မူမမှန်သည့် မုန်တိုင်းများ ဖြစ်လေ့ရှိသည်ဟု ထုတ်ပြန်ထားသည်။ ရှေ့လာမည့် ရာသီများတွင် စိုက်ရေးပျိုးရေးအတွက် တောင်သူများ အခက်တွေ့ကြရအုံးမည်ဖြစ်သည်။

ယခင်နှစ်များကတော့ ဒေသခံတောင်သူလယ်သမားများအဖို့ ရာသီဥတုတခုတည်းကိုသာ သတင်းနားစွင့် စောင့်မျှော်ပြင်ဆင်ခဲ့ကြသည်။ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ရာသီဥတုကို နားစွင့်ရသည်ထက် စစ်ဘေးစစ်ဒဏ်ကို နေ့စဉ်နားစွင့်ကာ စိုက်ရေးပျိုးရေးပြင်ဆင်ကြရသည့် ကိစ္စက ပိုလို့ အရေးကြီးလာကြပါသည်။

စိုက်မှစားရမည့် တောင်သူလယ်သမားများအဖို့ အသက်လုရင်း စိုက်နေကြရသည်။ စိုက်ရင်းပြေးနေကြရသည်။ ရာသီဥတုကလည်း မြွေပူရာကင်းမှောက် ဖြစ်ရပြန်ပါသည်။ ယင်းမချောင်းရွာလေးတွင် လွန်ဆွဲပွဲကို နှစ်ကြိမ်ပြုလုပ်ခဲ့ပါသည်။ လွန်ဆွဲပွဲကို ပျော်ပွဲရွှင်ပွဲသဖွယ် ပြုလုပ်ခဲ့ကြသည်ထက် မျှော်လင့်ချက် ကောက်ရိုးလေးတမျှင်ကို ရေနစ်သူက လက်ဆုပ်ကိုင်ကြသလို ရယ်သာ။ လွန်ကြိုးတို့လည်း အကြိမ်ကြိမ်ပြတ်ခဲ့ပါသည်။ မိုးကမဆက်သေးချေ။ 

#မြေလတ်အသံ

#ဆောင်းပါး #ရသစာတမ်း #အညာ #ယုံကြည်မှု #စိုက်ပျိုးရေး #မိုးလေဝသ #လွန်ဆွဲပွဲ #ဓလေ့

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10