ဝက်လက်မှာ အမျိုးသမီး ၁ ဦး လက်နက်ကြီးထိမှန်သေဆုံး

ဝက်လက်မှာ အမျိုးသမီး ၁ ဦး လက်နက်ကြီးထိမှန်သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်စိမ့်ကျေးရွာအမျိုးသမီး ၁ ဦး စစ်ကောင်စီပစ်တဲ့ လက်နက်ကြီး ထိမှန်ပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဧပြီ ၁၈ ရက်မနေ့ညနေ ၆ နာရီလောက်မှာ သစ်စိမ့်ကျေးရွာနဲ့ ၃ မိုင်အကွာရှိ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာဘက်ကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ၁၅ ချက်ကျော်ပစ်ခဲ့ရာ သစ်စိမ့်ကျေးရွာမြောက်ပိုင်းရှိ စာသင်ကျောင်းအနီးကို ကျည် ၂ လုံးကျရောက်ပေါက်ကွဲပြီး ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တာပါ။  

“မန်ကျည်းပင်ကိုမှန်ပြီး ဘေးကိုစင်လိုက်တာ။ ကလေးမလေးက သောက်ရေအိုးရေထည့်နေတာ၊ အဲ့မှာမှန်တာ၊ ဘေးမှာလည်း လေးငါးယောက်ထိုင်နေတာမထိဘဲ သူ့တယောက်ပဲထိတာ။” လို့ သစ်စိမ့်ကျေးရွာသားတဦးက ပြောပါတယ်။

လက်နက်ကြီးထိလို့ သစ်စိမ့်ရွာက အသက် ၃၅ နှစ်အရွယ် မမိပု (ခေါ်) မခင်သန္တာကျော် လက်ပြင် အထက်နဲ့အောက်ဘက်ကို လက်နက်ကြီးစ ၂ ချက်မှန်ကာ ကျောဘက်ပေါက်ထွက်ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

သစ်စိမ့်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်နဲ့ လူဦးရေ ၅၀၀ ကျော်ရှိပြီး မနေ့ကပစ်ခတ်မှုဖြစ်ပြီးနောက်မှာ ဒေသခံတွေဟာ ရွာပြင်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒဏ်ရာရအမျိုးသမီးကိုတော့ ဆေးကုသပေးနေပြီး သေဆုံးအမျိုးသမီးကိုတော့ ဧပြီ ၁၉ ရက် ဒီနေ့မှာ သင်္ဂြိုဟ်မယ်လို့ သစ်စိမ်းကျေးရွာသားတဦးကပြောပါတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့လက်ပါးစေ တွေကြောင့် စုစုပေါင်းပြည်သူ ၄၈၉၇ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #စစ်ကောင်စီ #လက်နက်ကြီးပစ် #အမျိုးသမီး #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10