သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
သူတို့မိသားစုနဲ့ ကျနော်ပြန်တွေ့တော့ ကျနော်က ရစရာမရှိအောင် စုတ်ပြတ်နေပြီလေ။ ကျနော့်မှာ မီးလောင် ဒဏ်ရာတွေအပြည့်နဲ့ပေါ့။ အဲဒီလိုပြန်တွေ့ချိန်မှာ သူတို့ရော ကျနော်ပါ ဝမ်းနည်းပက်လက်နဲ့။ သူတို့က ကျနော့်ကို ငယ်ငယ်လေးကတည်းက ပြုစုလာခဲ့တာလေ၊ လိုအပ်တာတွေကျွေးတယ်။ တစုံတရာက တိုက်ခိုက်ထားပြီ ဆိုလည်း ဒဏ်ရာတွေကိုကြည့်ပြီး တယုတယပြုစုတယ်။ တနေ့ သူတို့ရုတ်တရက် ပျောက်သွားကြတယ်။
စပြီးစွန့်ပစ်ခံရတဲ့ နေ့တွေတုန်းက ကျနော်နေလို့ မရဘူး။ မျှော်နေမိတယ်၊ ပတ်ဝန်းကျင်ကို အကြိမ်ကြိမ် လှည့်ကြည့် ရှာဖွေမိတယ်။ တခါတခါဆို သူတို့ပြန်လာနေတာကို ကျနော်မြင်နေတယ်။ အမှန်တော့ သူတို့ပြန်လာတာမဟုတ်ဘူး။ ကျနော့်စိတ်ကမြင်ယောင်နေတာပါ။ အချိန်အတော်ကြာမှ စစ်အာဏာသိမ်းလို့ သူတို့နေမရလို့ ကျနော့်ကို ခေတ္တခွဲခွာသွားတယ်ဆိုတာ သိလိုက်ရတာပါ။
မြိုင်ဆိုတဲ့ဒေသက ကျနော်တို့နှစ်သက်တဲ့မြေ၊ နှစ်သက်တဲ့လေနဲ့ လိုအပ်တဲ့ရေကို ရရှိတဲ့နေရာလေ။ ဒါ့ကြောင့် အညာဒေသထွက်သနပ်ခါးတွေဟာ အဖိုးတန် ရောင်းတန်းဝင်ပြီး မြန်မာလူမျိုး အမျိုးသမီးတွေရဲ့ပါးထက်မှာ ဒီနေ့ထိ နေရာယူနေတာပေါ့။ အထူးသဖြင့် အညာမြေက နေပူဒဏ်ကိုကာကွယ်ဖို့နဲ့ မိန်းမပျိုလေးတွေရဲ့ ပါးပြင်လေးတွေ နေမလောင်ဖို့ သဘာဝကပေးတဲ့ လက်ဆောင်ဆိုရင်လည်းမမှားဘူးလေ။ ပြီးတော့သနပ်ခါးက ဆေးဖက်လည်း ဝင်တယ်မဟုတ်လား။
သူတို့ခွဲခွာသွားပြီးဆိုကတည်းက ကျနော်အရင်လို သန့်ရှင်းသပ်ရပ် မနေတော့ဘူး၊ ရာသီဥတုဒဏ်တွေ ရောဂါ ဒဏ်တွေကိုပါ စပြီးခံစားလာရတယ်။ လိုအပ်တဲ့ အဟာရလည်းမရ ပြုစုသူလည်း မရှိတော့ဘူး။ အဲဒီလိုနဲ့ ကျနော့်ရဲ့ ဖွံ့ဖြိုးမှုတွေရပ်တန့်၊ ကိုယ်ပိုင်ရနံ့တွေလည်း အရင်လို မသင်းပျံ့နိုင်တော့ဘဲ ပတ်ဝန်းကျင်မှာ ကျနော်ငယ်စဉ်ကတည်းက မရှုရှိုက်ဖူးတဲ့ ယမ်းငွေ့နံ့တွေနဲ့သာ ရှင်သန်ခဲ့ရတာပါ။
သူတို့တွေရှိတုန်းကတော့ ကျနော်တို့ တပင်နဲ့တပင်ကြားမှာ သီးညှပ်အဖြစ် မြေပဲကိုစိုက်တော့ ပေါင်းပင်ကို တကူးတကရှင်းစရာမလိုဘဲ ပေါင်းလည်းရှင်း၊ မြေပဲလည်းရခဲ့ပေမယ့် သူတို့ခွဲခွာသွားကတည်းက မိုးရာသီများရောက်ရင် ပေါင်းပင်မျိုးစုံက ရစ်ပတ်နွယ်တက်နေလို့ မိုးများတဲ့ရက်တွေ အကိုင်းအခက်တွေ ကျိုးကျတာတွေလည်းရှိတယ်။ ဘယ်လောက်များထိတောင်ဆိုးသလဲဆို တတောလုံးကို ခြုံနွယ်ပင်တွေ ဝိုင်းအုံတက်နေလို့ အသက်ရှုတွေလည်း ကြပ်လို့ပေါ့။
အရင်တုန်းကဆိုရင် သူတို့နဲ့အတူ ကျနော့်ဆီကို ဧည့်သည်တွေပါ ခေါ်လာတတ်သေးတယ်။ ဧည့်သည်တွေက ကျနော့်ကို ယုယုယယကိုင်တွယ်ပြီးမွှေးကြတယ်။ ပြီးတော့အမှတ်တရဆိုပြီး ဓါတ်ပုံတွေလည်းရိုက်ကြတာ တွေရှိတယ်။ ဧည့်သည်တွေပြန်သွားရင်လည်း လက်ဆောင်ဆိုပြီး ထည့်ပေးလိုက်တယ်။ အောက်ပြည်အောက်ရွာ အလည်သွားရင်လည်း အညာလက်ဆောင်အဖြစ် မျက်နှာပန်းပွင့်ခဲ့တယ်။
သူတို့က ကျနော့်ကို ပြုစုယုယသလို ကျနော်တို့ဆီကထွက်ရှိတဲ့ သနပ်ခါးတွေကိုရောင်းချပြီး သူတို့မိသားစု စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ သာရေးနာရေးကအစ မြို့မှာရော ရွာမှာပါ တင့်တင့်တယ်တယ်ရှိခဲ့တယ်။ သူတို့ ကျနော့်ကို စွန့်ပစ်ခဲ့ရတာ သုံးနှစ်ကျော်ကြာခဲ့ပြီ၊ သူတို့တွေ အရင်လို တင့်တင့်တယ်တယ်ရှိပါ့ မလား၊ ပြန်မလာနိုင်သေးတယ်တဲ့ သူတို့အကြောင်းကိုတွေးပြီး သက်ပြင်းတွေ မှုတ်ထုတ်မိတာလည်း အကြိမ်ကြိမ်။
သူတို့ ကျနော့်ကို ခွဲခွာသွားပြီး ပြန်မလာနိုင်သေးတဲ့အထဲမှာ သေချာတာတခုတော့ရှိတယ်။ ကျနော်နေတဲ့နေရာနဲ့ အနီးမှာ ပျူစောထီးရွာရှိတယ်။ ဒါ့ကြောင့် သူတို့ ကျနော့်ကို ခွဲခွာခဲ့တာ ပြန်မလာနိုင်သေးတာလို့ နားလည်မိတယ်။
ပြီးခဲ့တဲ့ နွေရာသီကပေါ့၊ ခြုံနွယ်ခြောက်တွေနဲ့ လွှမ်းခြုံနေတဲ့ ကျနော့်ကို အဲဒီပျူစောထီးရွာသားတွေက မီးနဲ့ရှို့လို့ တတောလုံး မီးလောင်ခံရတယ်။ ကျနော်အိန္ဒြေမပျက် အံကိုကြိတ်ပြီး ငုံ့ခံခဲ့ရတယ်။ အညာက မီးဘေးသင့်သူတွေထဲမှာ ကျနော်လည်းပါခဲ့တယ်။ ဒီအကြောင်း သူတို့တွေ မမြင်နိုင်ပေမယ့် ကြားကောင်းကြားနိုင်တယ်။ ကြားရင် သူတို့ စိတ်မကောင်းရုံကလွဲပြီး ဘာမှတတ်နိုင်မှာ မဟုတ်ဘူးလေ။
မီးလောင်ခံရတဲ့ ဒဏ်ရာတွေနဲ့ ကျနော်လည်း အရင်လို မလှပတော့ဘဲ မဲတူးနေလို့ပေါ့။ ဒီအချိန် ကျနော့်ကို မြင်သူတွေ ဘယ်မှတ်မိကြတော့မလဲ၊ သနပ်ခါးရနံ့တွေနေရာမှာလည်း မီးသွေးနံ့တွေက နေရာယူသွားတယ်။
သူတို့ပြန်လာရင် ကျနော်ဘယ်လိုမျက်နှာပြရမလဲလို့လည်း တွေးပြီးပူမိတယ်။ ကိုယ့်ကိုယ်ကိုလည်း အားတင်း ထားတယ်။ အဖိုးတန်သနပ်ခါးအဖြစ် အသုံးမတည့်ရင်လည်း သူတို့တွေ အာဟာရဖြစ်မယ့် ထမင်းဟင်းချက်တဲ့ နေရာမှာသုံးလည်း ကျနော် ကျေနပ်တယ်။
ကျနော့်ကို အားရအောင်မီးရှို့လို့ သိပ်မကြာဘူး ဝဋ်လည်တယ်ပဲပြောရမလား၊ အဲဒီပျူစောထီးရွာကို ပြည်သူ့ ကာကွယ်ရေးတပ်တွေက ဝင်တိုက်ခဲ့ပါတယ်။
အဲဒီနောက်တော့ သူတို့နဲ့ ကျနော်ပြန်ဆုံတယ်။ အစကပြောခဲ့သလိုပေါ့ နှစ်ဦးသား ဝမ်းနည်းပက်လက်နဲ့ပေါ့။ ကျနော်က အိပ်ယာထဲလဲနေတဲ့ လူနာလိုဖြစ်နေပြီး သူတို့ကလည်း ရက်ရှည်လများ လူနာစောင့်ရတဲ့သူလို အားအင်တွေလျော့လို့၊ ခဏကြာတော့ ဘယ်ကရောက်လာမှန်းမသိတဲ့ ခွန်အားတွေနဲ့ ပြည့်နေတာကို သူတို့မှာ လည်းတွေ့နေသလို ကျနော့်မှာလည်း အားအင်တွေ ပြည့်နေတာကို ခံစားလိုက်ရတယ်။
မီးလောင်သနပ်ခါးငုတ်တွေကို ခုတ်ပြီး လိုအပ်တဲ့မြေပြင်တာတွေလုပ်မယ်။ အမြစ်ကနေပြန်ထွက်လာတဲ့ သားတက်ကို ပြန်မွေးမယ်လို့ သူတို့ပြောဆိုနေတာကြားတော့ ကျနော်ပျော်မိတယ်။ သူတို့နဲ့ ကျနော် ရှေ့ဆက်ကြီးပြင်းဖို့ အားတွေလည်းတက်သွားတယ်။ ဒီလိုနဲ့ သူတို့ကျနော့်ကို အားပေးနှစ်သိမ့် နှုတ်ဆက်ပြီး ပြန်သွားကြတယ်။ ဒီတခါ ခွဲခွာတာက ခွန်အားသစ်တွေ မွေးဖို့လေ။
ကျနော်လည်း တဦးတည်းကျန်ခဲ့ပြန်တယ်။ ဒီတခါကျန်ခဲ့တာက အလွမ်းတွေပြေ အနာတွေဖျောက်ပြီး ကျန်ခဲ့တာ၊ အားအင်အပြည့်နဲ့ ကျန်ခဲ့တာဆိုရင် ပိုမှန်တယ်။
ကျနော် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အကြိမ်ကြိမ်ရေရွတ်နေမိတယ်။
“အညာမြေက သနပ်ခါးက အညာသားနဲ့အတူတူပဲ တတက်ခုတ်ရင် နှစ်တက်ထွက်မယ်”
“တတက်ခုတ်ရင် နှစ်တက်ထွက်မယ်”
“တတက်ခုတ်ရင် နှစ်တက်ထွက်မယ်”။ ။
#မြေလတ်အသံ
#အက်ဆေး #အညာ #သနပ်ခါး #မြိုင်
Share Share Share