သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ဘက်ကနေ တကောင်းဘက်ကိုမောင်းလာတဲ့ စစ်ကောင်စီကား ၄ စီးကို ဇူလိုင် ၂၉ ရက် ဒီမနက် ၁၁ နာရီကျော်မှာ တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ကြာညှပ်ရဲ့ ပြန်ကြားရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အဲ့ဒီစစ်ယာဉ်တန်းဟာ သပိတ်ကျင်းမြို့ဘက်ကနေ အင်အား ၁၀၀ လောက်နဲ့ မောင်းနှင်လာချိန် ရေအိုးစင်ရွာနဲ့ ရှားတောရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်တွေက စလစ်မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"နောက်ဆုံးကားကို မိုင်းဆွဲတာပါ။ ထိချက်ကပြင်းတယ်။ မိုင်းထိတဲ့ကားကတော့ မိုင်းခွဲခံရတဲ့နေရာမှာပဲ ကျန်ခဲ့ပြီး ကျန် ၃ စီးကတော့ အထက် (မြစ်ကြီးနားဘက်)ကို ဆက်တက်သွားတယ်။ ရမ်းသမ်း ပြန်ပစ်တာတော့ရှိပေမယ့် ကျနော်တို့ရဲဘော်တွေတော့ ထိခိုက်မှုမရှိဘူး" လို့ ပြန်ကြားရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အဲ့ဒီကားတွေဟာ ဒီမနက်ပိုင်းမှာ ဧရာဝတီမြစ်အတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘော ၉ စီးကို လုံခြုံရေးယူဖို့ လိုက်လာတာဖြစ်ပြီး အခုတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေများနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ မြေလတ်အသံက အတည်မပြုနိုင်သေးပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ကြာညှပ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်ည ၁၀ နာရီလောက်ကလည်း သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ရွာရှိ စစ်ကောင်စီဂိတ်ကနေ ကိုးပင်ရွာအနီးအထိ ကင်းပုန်းလာချထားတဲ့ စစ်ကောင်စီစစ်သားတွေကို ပုတီးဖြူရွာအနီးကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါသေးတယ်။
ပုံစာ - ကာကွယ်ရေးတပ်တွေ တိုက်ခိုက်ရာမှာ အသုံးပြုခဲ့သည့် စလစ်မိုင်း။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #သပိတ်ကျင်း #စစ်ကောင်စီ #မိုင်းဆွဲ #ပြည်သူ့ကာကွယ်ရေးအဖွဲ့ #ကြာညှပ် #သတင်း
Share Share Share