သရေခေတ္တရာကို လျှပ်စစ်ရထားဆွဲမယ့် မင်းအောင်လှိုင်ရဲ့အိပ်မက် တနှစ်ပြည့်တဲ့အထိအကောင်အထည် မဖော်နိုင်သေး

သရေခေတ္တရာကို လျှပ်စစ်ရထားဆွဲမယ့် မင်းအောင်လှိုင်ရဲ့အိပ်မက် တနှစ်ပြည့်တဲ့အထိအကောင်အထည် မဖော်နိုင်သေး

ရှေးဟောင်းပျူမြို့တော် သရေခေတ္တရာကို လျှပ်စစ်ရထားပြေးဆွဲနိုင်ရေးဆောင်ရွက်နေတယ်လို့ ပြည်မြို့ခရီးစဥ်တခုမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်အောင်လှိုင်ပြောခဲ့ပေမယ့် တနှစ်ပြည့်တဲ့အထိ ဘာတခုမှ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် အောက်တိုဘာ ၄ ရက်မှာ ပြည်ခရိုင်အတွင်းက အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ အဲ့ဒီလုပ်ငန်းစဥ်ကို ပြောသွားခဲ့တာပါ။

အဲ့ဒီတွေ့ဆုံပွဲမှာ သရေခေတ္တရာကို ခရီးသွားတွေလည်ပတ်နိုင်ဖို့ လျှပ်စစ်ရထားပြေးဆွဲနိုင်ရေးဆောင်ရွက်နေပြီး ရုရှားခရီးသွားတွေ လည်ပတ်နိုင်ဖို့လည်း ရုရှား-မြန်မာ ချစ်ကြည်ရေး အသင်းတွေ ဖွဲ့စည်းပေးသွားမှာဖြစ်တယ်လို့ ပြောခဲ့ပါသေးတယ်။

အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြည်မြို့ခံတဦးက "ရန်ကုန်-ပြည် မီးရထားလမ်းပိုင်းကို ထူးထူးခြားခြား ကြီးကြီးမားမားပြင်ဆင်တာမျိုးတွေ မတွေ့ရဘူး။ လျှပ်စစ်ရထားစီမံကိန်းဆိုတဲ့ဟာတွေလည်း ဘာမှ ပြောသံဆိုသံလုပ်သံတွေလည်း မကြားရဘူး။" လို့ ပြောပါတယ်။

ပျူမြို့ဟောင်းသရေခေတ္တရာနဲ့ အနီးဆုံးဖြစ်တဲ့ မှော်ဇာ၊ ရွှေတံခါးဘက်တွေမှာလည်း ရထားလမ်းပိုင်းနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေလုပ်နေတာမရှိသလို တိုးတက်ပြောင်းလဲလာတာမရှိဘဲ နဂိုမူလအတိုင်းပဲရှိနေတယ်လို့ အဲ့ဒီမြို့ခံက ဆက်ပြောပါတယ်။

အဲ့ဒီအပြင် ပြည်-ရန်ကုန်ရထားနဲ့ ပုံမှန်ခရီးသွားဖြစ်နေတဲ့ နောက်ထပ် ဒေသခံတဦးကို ရထားလမ်းတလျှောက် ပြင်ဆင်မှုတွေလုပ်ကိုင်နေတာမျိုးရှိမရှိ မြေလတ်အသံက မေးမြန်းရာမှာလည်း " မတွေ့မိဘူး၊ ပြင်ဆင်နေတာတွေမရှိဘူး" လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၄ ရက်က ပြည်မြို့မှာ MSME လုပ်ငန်းရှင်တွေကို လျှပ်စစ်ရထားအကောင်အထည်ဖော်နိုင်ရေး ပြောဆိုခဲ့တာဟာ လျှပ်စစ်မီးပုံမှန်မပေးနိုင်တာကို လုံလုံလောက်လောက်ပေးနိုင်ကြောင်း ပြသချင်ပုံရတယ်လို့ ပြည်မြို့နယ် SME လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

"တကယ်တမ်းကျတော့ မီးတွေကပျက်နေတာကို သူကအရှက်ပြေ ပြောတာပေါ့။ စိတ်ကူးယဥ်တာပေါ့ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူးဆိုတာ လုပ်ငန်းရှင်တွေကလည်းသိတယ်" လို့ ပြောပါတယ်။

ပြည်-ရန်ကုန် ရထားဖြတ်သွားရာမြို့တွေထဲက တခုဖြစ်တဲ့ နတ်တလင်းမြို့ခံတဦးကတော့ " သိသလောက်ဆို ဘာမှကိုလုပ်တာမတွေ့သေးဘူး NLD လက်ထက်ကမှ လာလာပြင်တယ် စက်ကြီးတွေနဲ့။" လို့ ရထားလမ်းအဆင့်မြှင့် ပြင်ဆင်မှုမရှိတဲ့အကြောင်းကို ပြောပြပါတယ်။

စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီး ၉လလောက်အကြာမှာကတည်းက “တစ်နိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ ဆွဲရပါလိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားနဲ့ပြေးပါမယ်။ မြို့ပေါ်မှာသုံးတဲ့ ကားတွေဟာ လျှပ်စစ်ကားတွေ ဖြစ်ရပါလိမ့်မယ်။ ကျနော်တို့ တွက်ချက်နေတယ်။ အချိန်တစ်ခုပြီးရင် အဲဒါကိုကြေညာပါ့မယ်။”လို့ နေပြည်တော် စစ်ကောင်စီအစည်း အဝေးတခုမှာ ပြောခဲ့တာပါ။

လက်ရှိအချိန်အထိ လျှပ်စစ်ရထားပြေးဆွဲနိုင်ခြင်း မရှိသေးတဲ့အပြင် “မိမိတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဖြစ်ပါတယ်။”လို့ အခုနှစ်ဆန်းပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ စစ်ခေါင်းအောင်လှိုင်က ညည်းတွားခဲ့ပြန်ပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလကစလို့ ၂၀၂၂ အောက်တိုဘာလလောက်အထိ ကာလအပိုင်းအခြားမှာ နေပြည်တော်၊ ပြည်ဦးလွင်၊ မော်လမြိုင်နဲ့ ပြည် စတဲ့ ခရီးစဥ်တွေမှာ လျှပ်စစ်ရထားတဲ့ ပတ်သက်ပြီး တွင်တွင်ကျယ်ကျယ်ပြောဆိုခဲ့ပေမယ့် အခုအချိန်မှာ တွေ့ဆုံပွဲတွေမလုပ်နိုင်တော့ဘူးလို့ ပြည်မြို့နယ် SME လုပ်ငန်းရှင်တစ်ဦးက ဆက်ပြောပါတယ်။

"အဲ့တုန်းကတော့ စီးပွားရေးလုပ်ငန်းရှင်တွေကို လိုက်ချုပ်တာပေါ့ဗျာ။ ကျနော်သတိထားမိတာ တော်တော်ကြာပြီ။ သူ လူထုတွေ့ဆုံပွဲတွေ မလုပ်နိုင်တော့ဘူး။ ဘာလို့ဆို လုံခြုံရေးအရရော သူစိတ်မချတော့ဘူး။" လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်အဆက်ဆက်မှာ လျှပ်စစ်ရထား၊ မြေအောက်ရထားဆိုတဲ့ အိပ်မက်တွေ မက်ခဲ့ကြပေမယ့် ဘယ်စစ်ခေါင်းဆောင်မှ ဘာတခုမှ အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။

ပုံစာ - ၂၀၂၂ အောက်တိုဘာ ၄ ရက်က ပြည်မြို့၌ပြုလုပ်သော တွေ့ဆုံပွဲတွင်တွေ့ရသည့် စစ်ခေါင်း ဆောင်မင်းအောင်လှိုင်။

#မြေလတ်အသံ

#သတင်း #စစ်ခေါင်းဆောင် #စိတ်ကူးယဉ် #လျှပ်စစ်ရထား #တနှစ်ပြည့် #အကောင်အထည်မဖော်နိုင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10