သာယာဝတီမှာ ရေတိုက်စားခံရလို့ ဒေသတွင်းအရေးပါတဲ့ကတ္တရာလမ်းပိုင်း ထပ်မံပျက်စီး

သာယာဝတီမှာ ရေတိုက်စားခံရလို့ ဒေသတွင်းအရေးပါတဲ့ကတ္တရာလမ်းပိုင်း ထပ်မံပျက်စီး

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်က ဒေသတွင်းအရေးပါတဲ့ အလယ်ကုန်း-ဖိုးခေါင်-စံရွေးလမ်းပေါ်က ကတ္တရာလမ်းပိုင်းတခုဟာ ရေတိုက်စားခံရပြီး ထပ်မံပျက်စီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့အနောက်ဘက်၊ အလယ်ကုန်း - ဖိုးခေါင် - စံရွေးလမ်းပေါ်က စံရွေးရွာနဲ့ ညောင်သာယာရွာကြားက တံတားအမှတ် ၃ ရဲ့ ကတ္တရာချဉ်းကပ်လမ်းဟာ ဇူလိုင် ၂၈ ရက် မနေ့ညပိုင်းက ပျက်စီးသွားတာလို့ ဆိုပါတယ်။

“တံတားချဉ်းကပ်‌ ကတ္တရာလမ်းက တခြမ်း‌လောက်ပျက်သွားတာ။ ရေတိုက်စားဖန်များလာရင်တော့ လမ်းက ပြတ်သွားနိုင်တယ်။ အခုမနက်တော့ ရေက ကျသလို‌တော့ရှိတယ်။ ဒါပေမယ့် မိုးက ဆက်တိုက်ရွာနေတုန်းပဲ“ လို့  ဒေသခံတဦးက ပြောပါတယ်။

လမ်းတံတားတွေ ပျက်စီးနေတဲ့အတွက် ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက‌တော့ စက်လှေတွေ အသုံးပြုကာ လုပ်ဆောင်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် ညနေကလည်း စံရွေးရွာနဲ့ ညောင်ပင်သာရွာကြားက အခုရေတိုက်စားလို့ ပျက်စီးနေတဲ့ တံတားချဥ်းကပ်လမ်းနဲ့ ပေ ၇၀၀ ဝန်းကျင်လောက်မှာရှိတဲ့ အမှတ် ၂  ဘေလီတံတားဟာလည်း ရေတိုက်စားခံရလို့ တံတားအရှည် သုံးပုံ နှစ်ပုံခန့် ပျက်စီးခဲ့ပါသေးတယ်။

တမိုင်ဝန်းကျင်အကွာအဝေးရှိတဲ့ စံရွေးရွာနဲ့ ညောင်သာယာရွာကြားက လမ်းပိုင်းပေါ်မှာ ဘေလီတံတား ၄ စင်း ဆောက်လုပ်ထားပြီး အဲဒီအထဲက အမှတ် ၂ တံတား ရေတိုက်စားပျက်စီးခဲ့သလို အခု အမှတ် ၃ တံတားရဲ့ ကတ္တရာချဉ်းကပ်လမ်းလည်း ပျက်စီးနေတာ ဖြစ်ပါတယ်။

သာယာဝတီမြို့နယ်အ‌နောက်ပိုင်းဟာ မြေနိမ်ပိုင်းဒေသဖြစ်ပြီး နှစ်စဉ် ရေကြီးနစ်မြုပ်မှုကို ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

ပုံစာ - အမှတ် ၃ တံတားအနီးက ရေတိုက်စားခံရသည့် ကတ္တရာလမ်း။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူး #သယာဝတီ #ရေတိုက်စား #လမ်းပျက်စီး #သဘာဝဘေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10