သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်မှာ တိုက်နယ်ပအဖအဖွဲ့က တားမြစ်ချက်တွေ ကျူးလွန်ရင် သေဒဏ်ထိ ချမှတ်လို့ရတယ်ဆိုတဲ့ ကြေညာချက်ကို ပြန်လည်ရုတ်သိမ်းလိုက်ကြောင်း ဒီဇင်ဘာ ၁၆ ရက် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။
ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ(ကျောတိုက်နယ်)အနေနဲ့ တားမြစ်ချက်အားလုံးကို အများသဘောဆန္ဒနဲ့အညီ ပယ်ဖျက်လိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားတဲ့ မူဝါဒလမ်းညွှန်ချက်တွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကျောတိုက်နယ်ထဲက ပြည်သူတဦးကတော့ အဆိုပါ ပယ်ဖျက်ရုတ်သိမ်းချက်က အင်တာနက်အခက်အခဲ ကြောင့် ပြည်သူအားလုံး အမြန်သိနိုင်ဖို့ခက်ခဲပြီး ဒီဇင်ဘာလကုန်ပိုင်းရောက်ရင်တော့ မြေပြင်မှာ ပြောင်းလဲမှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
“ရုတ်သိမ်းသွားတဲ့ အပေါ်ကတော့ အဆင်ပြေပါတယ်။ ဒီဟာတွေကို ရုတ်သိမ်းတယ်ဆိုတာ ပြည်သူတွေကတော့ ဟိုဘက်မှာဆိုရင် လိုင်း တချို့တွေ မရသလောက်ပေါ့လေ၊ အဲ့အခါကျတော့ ဒါတွေကို မြေပြင်မှာ မပြောနိုင်သေးဘူး။”လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်က အချက် ၂၃ ချက်ပါ ကြေညာချက် ၁ စောင်ကို တိုက်နယ်ပအဖအဖွဲ့က ထုတ်ပြန် ခဲ့ပြီး အဲဒီထုတ်ပြန်စာမှာပါရှိတဲ့ တားမြစ်ချက်တွေကို ကျူးလွန်ရင် သေဒဏ်ထိချမှတ်လို့ရတဲ့ တရားစီရင်ရေးကို လုပ်ဆောင်သွားမယ်လို့ ဆိုထားတာပါ။
ထုတ်ပြန်ချက်ထဲက သစ်မခုတ်ရ၊ ဝါးမခုတ်ရ၊ မျှစ်မချိုးရ၊ ထင်းမသယ်ရ စတဲ့အချက်တွေနဲ့ အပိုဒ် ၂၂ မှာပါရှိတဲ့ ပအဖ၊ ပကဖ၊ PDF စတဲ့ အဖွဲ့ဝင်ရဲဘော်တွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအပေါ် နှုတ်နဲ့ဖြစ်ပါစေ ကိုယ်ထိလက်ရောက်ဖြစ်ပါစေ ပုန်ကန်စော်ကားတယ်လို့ ယူဆရရင် ပြင်းထန်စွာ အပြစ်ပေးမယ်ဆိုတဲ့ အချက်က ပြည်သူတွေကြား ဝေဖန်မှုမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၄ ရက်မှာတော့ သစ်ခုတ်တာ၊ ဝါးခုတ်တာ၊ မျှစ်ချိုးတာ၊ ထင်းသယ်တာတွေကို စီးပွားဖြစ်မလုပ်ဖို့နဲ့ ပအဖ၊ ပကဖ၊ PDF စတဲ့ အဖွဲ့ဝင် ရဲဘော်တွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်ရင် အပြစ်ပေးမယ်လို့ဆိုကာ အသုံးအနှုန်းတချို့ ပြင်ဆင်ပြီး ထုတ်ပြန်ခဲ့ပေမယ့် ဒီကနေ့မှာတော့ အချက်အားလုံးကို ပယ်ဖျက်ကြောင်း ထပ်မံထုတ်ပြန်လာတာပါ။
ကျောတိုက်နယ်ပအဖအဖွဲ့ရဲ့ နိုဝင်ဘာ ၁၅ ရက် ထုတ်ပြန်ချက်ကို ထောက်ခံမှုပြုလုပ်ခဲ့တဲ့ ဂန့်ဂေါခရိုင် တပ်ရင်း ၁၉ ကလည်း အဆိုပါထောက်ခံမှုကို ပယ်ဖျက်လိုက်ပြီး ပြည်သူ့လုံခြုံရေးအတွက် အကူအညီတောင်းခံလာရင် ကူညီပေးသွားမှာဖြစ်သလို တော်လှန်ရေးလုပ်ငန်းစဥ်တွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #ဂန့်ဂေါမြို့ #ကျောတိုက်နယ် #ပအဖ #သေဒဏ် #ကြေညာချက်
Share Share Share