အကောက်တောင်ဘုရားဖူးရင်း မြစ်ထဲရေဆင်းချိုးရာက ဆယ်ကျော်သက်လူငယ် ၄ ဦး ရေနစ်သေဆုံး

အကောက်တောင်ဘုရားဖူးရင်း မြစ်ထဲရေဆင်းချိုးရာက ဆယ်ကျော်သက်လူငယ် ၄ ဦး ရေနစ်သေဆုံး

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပန်းတောင်းမြို့နယ်နဲ့ ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်အစပ် အကောက်တောင် တောင်ခြေ သောကြာဒူးကျေးရွာအနီးရှိ ဧရာဝတီမြစ်အတွင် ဧပြီ ၂၇ ရက် ဒီနေ့မနက် ၉ နာရီခွဲဝန်းကျင်မှာ လူငယ် ၅ ဦး ရေဆင်းချိုးရာက ၄ ဦး ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရေနစ်သေဆုံးသူတွေဟာ ကြံခင်းမြို့နယ်၊ အင်ပင်မြို့မှာ နေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ် မောင်လင်းလက်သာနဲ့ မောင်သော်ဇေယျာထွန်း၊ အသက် ၁၆ နှစ် မောင်သွင်ညီညီဇော်၊ အသက် ၁၇ နှစ် မောင်ဟိန်းစည်သူစိုးတို့ဖြစ်ပြီး ရေအနစ်ပိုင်းကို ဆင်းမိတာကနေ ရေနစ်သေဆုံးတာလို့ ဆိုပါတယ်။

“ သူတို့ကအင်ပင်ကနေ Light Truckကားနဲ့ အကောက်တောင်ကို ဘုရားဖူးလာရင်း ရေဆင်းချိုးကြတာ။ လာတာက ကားနဲ့အပြည့်လာတာလို့သိရတယ်။ အဲ့ဒီထဲက  ၅ ယောက်ရေချိုးဆင်းရင်း ၄ ယောက်ရေနစ်သွားကြတာ။ အဲ့ဒီနေရာက ရေနစ်တဲ့အပိုင်း” လို့ ပန်းတောင်းဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ရေနစ်သေဆုံးတဲ့နေရာဟာ ဒေသအခေါ် သောကြာဒူးကမ်းခြေလို့ခေါ်ဆိုပြီး ရေအနစ်ပိုင်းနေရာများလို့ သင်္ကြန်ကာလပြီးနောက်ပိုင်းကတည်းက အဲ့ဒီနေရာကို ပိတ်ထားတာလို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။ 

ရေနစ်သေဆုံးသူတွေရဲ့အလောင်းတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက နာရီပိုင်းအတွင်း ဆယ်ယူနိုင်ခဲ့ကာ ရုပ်အလောင်းတွေကို‌ ဒေသခံပရဟိတအသင်းကားတွေနဲ့ ကြံခင်းမြို့၊ ဆိပ်သာတိုက်နယ် ဆေးရုံရင်ခွဲရုံကနေတဆင့် သူတို့ရဲ့နေအိမ်အသီးသီးကို ပို့ဆောင်ပေးခဲ့တယ်လို့ အင်ပင်မြို့ခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေ‌ဖေါ်ဝါရီ ၂၄ ရက် မွန်းလွဲပိုင်းကလည်း ပေါင်းတည်မြို့က အသက် ၁၅ နှစ်အရွယ်  Grade 9  ကျောင်းသားတဦး ဆည်မြောင်းအတွင်း ရေချိုးဆင်းရာက ရေနစ်သေဆုံးခဲ့ပါသေးတယ်။ 

ပုံစာ - ရေနစ်သေဆုံးမှု မြင်ကွင်း။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပန်းတောင်း #ကြံခင်း #အကောက်တောင် #ဧရာဝတီမြစ် #ရေနစ်သေဆုံး #ဆယ်ကျော်သက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10